
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် စက်သုံးဆီရရှိရန် ခက်ခဲနေသည့်အတွက် မြို့နယ်အတွင်းရှိ တစ်ပိုင်တနိုင်ရေလုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရန် အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
စက်သုံးဆီရှားပါးမှုဂယက်ကြောင့် ဖျာပုံမြို့နယ်အတွင်းရှိ တတစ်ပိုင်တနိုင် ရေလုပ်ငန်း လုပ်ကိုင်သူများမှာ အခက်အခဲများ ကြုံတွေ့နေရပြီး အထူးသဖြင့် ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူများမှာ အများဆုံး ထိခိုက်ခံစားနေရကြောင်း ဒေသခံကျားဖောင် ငါးဖမ်းလုပ်ကိုင်သူများထံကသိရသည်။
“စက်လှေတွေက ဒီဇယ်ဆီသုံးတာဆိုတော့ အခုကဓာတ်ဆီတောင် အနိုင်နိုင်ဖြစ်နေတော့လည်း ကျားဖောင်တွေရပ်လိုက်ရတာပေါ့။ အချို့ကတော့ရသလိုဆွဲကြတာပေါ့နော်။ ရေရှည်ကျတော့ ဘယ်သူမှတောင့်မခံနိုင်တော့ဘူးလေ။ အဲ့ဒီတော့ လုံးဝရပ်လိုက်ကြရတာတွေလည်းရှိနေတယ်”ဟု ဒေါ်ညိမ်းကျေးရွာမှ ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖျာပုံမြို့နယ်တွင် ကျားဖောင်ငါးဖမ်းလုပ်ကိုင်သူ ၁၀၀ ကျော်ရှိနေပြီး စက်သုံးဆီ ရှားပါးမှုကြောင့် လုပ်ကိုင်သူ ၅၀ကျော်မှာ ရပ်နားခဲ့ရပြီး ကျန်လုပ်ကိုင်သူများမှာလည်း အခြေအနေအရ ထပ်မံရပ်နားသူများ ရှိနေကြောင်း ဒေသခံ ကျားဖောင်လုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။
“ဓာတ်ဆီက အရင်လို တစ်ဂါလံတောင်မရတော့ ငါးဖမ်းဖို့အတွက်ပင်လယ်ထဲ ထွက်ဖို့ခက်ခဲကုန်တယ်။ တခါဝယ်မှ နှစ်ပုလင်းသုံးပုလင်းနဲ့က ပင်လယ်ထွက်ဖို့ အဆင်မပြေတေ့ဘူး ။ တခါထွက်ပြီးတာနဲ့ ဓာတ်ဆီပြန်ရဖို့က အရမ်းခက်ခဲတယ်။ အခုဓာတ်ဆီတွေဝယ်မရတော့ငါးဖမ်းမထွက်တာ တစ်ပတ်လောက်ရှိနေပြီ” ဟု ဗန္ဒာပင်ကျေးရွာမှ ဒေသခံ ရေလုပ်သားတစ်ဦးကဆိုသည်။
ဖျာပုံမြို့တွင်း၌ စက်သုံးဆီ လုံလောက်စွာမရသည့်အတွက် စက်သုံးဆီဆိုင်အများစုမှာ ရက်ရှည်ပိတ်သိမ်းထားရပြီး MAX ဆီဆိုင်နှင့် DENKO ဆီဆိုင်တို့တွင် ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ ကျပ်၅၀၀၀ ဖိုး၊ ရေလုပ်သားတစ်ဦးလျှင် ဓာတ်ဆီ ကျပ်၁၅၀၀၀ဖိုး နှင့် ကားတစ်စီးလျှင် ဓာတ်ဆီ ကျပ်၁၀၀၀၀ ဖိုး စသည်ဖြင့် အချိန်ပိုင်းရောင်းချနေကာ ဒီဇယ်ဆီကို ရောင်းချနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
#ဖျာပုံမြို့နယ် #စက်သုံးဆီရရှိရန် #ခက်ခဲနေသည့်အတွက် #တစ်ပိုင်တနိုင်ရေလုပ်ငန်းရှင်များ
#ကျားဖောင် #လုပ်ငန်းလည်ပတ်ရန် #အခက်အခဲများကြုံ #Ayeyarwaddy_Times