
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများနှင့် အကျိုးတူလုပ်ငန်းရှင် အိမ်များကို လျှပ်စစ်မီးပုံမှန်ပေးကာ မြို့တွင်းရပ်ကွက်များကို အလှည့်ကျမီးပေးသည့်ပုံစံဖြင့် မြို့နယ်လျှပ်စစ်မှ စီမံနေသောကြောင့် မြို့တွင်းရှိ တစ်ပိုင်တနိုင် လုပ်ငန်းငန်းလုပ်ကိုင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ဝါးခယ်မမြို့တွင်း၌ ဒီဇင်ဘာလပထမအပတ်ကစ၍ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများနှင့် အကျိုးတူလုပ်ငန်းရှင်များကို လုံခြုံရေးအကြောင်းပြကာ လျှပ်စစ်မီးပြတ်တောက်ခြင်းမရှိရန် မြို့နယ်လျှပ်စစ်မှ ငွေကျပ်သိန်း၂၀ ထက်မနည်းတောင်းယူ၍ နေ့စဉ်မီးပေးနေကြောင်း မြို့ခံများထံကသိရသည်။
“ဌာနဆိုင်ရာရုံးတွေနဲ့မြို့ထဲကဆန်စက်၊ ဆီစက်လုပ်ငန်းရှင်တွေ မီးမပြတ်ဖို့ မြို့နယ်လျှပ်စစ်ရုံးကို သိန်း နှစ်ဆယ်လောက်ပေးပြီး မီးတောင်းယူနေကြတယ်။ မီးတခါမှကိုမပြတ်ဘူး။ မြို့ထဲက ပိုက်ဆံတော်တော်လေးရှိတဲ့ သူတွေကတော့ ငွေပေးမီးဝယ်တဲ့ပုံစံလုပ်ထားတာ” ဟု ဝါးခယ်မမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် မြို့တွင်းရပ်ကွက်များအလိုက် အလှည့်ကျမီးပေးမီးဖြတ်ပုံစံဖြင့် ပြုလုပ်ထားမှုကြောင့် ဆံသအလှပြင်ဆိုင်၊အကြော်စုံလုပ်ငန်း၊သံဂဟေ၊ကွန်ကျူတာစာစီစာရိုက်နှင့်မိတ္တူကူးဆိုင်၊ဖုန်းပြုပြင်ရေးစသည့်အိမ်တွင်းလုပ်ငန်းများမှာ လျှပ်စစ်မီးလုံလောက်စွာ မရရှိမှုကြောင့် ရပ်နားထားရကြောင်း မြို့ခံများထံက သိရသည်။
“မီးမရတော့ဘာမှကိုလုပ်မရတော့ဘူး။ ဆိုင်တွေပိတ်ထားရတယ်။ မီတာခကတော့တစ်လနဲ့တစ်လ ပိုပေးနေရတာ။ စိတ်မှန်းနဲ့များတွက်ပြီးတောင်းနေသလားမသိဘူး”ဟု အိမ်တွင်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။
ဝါးခယ်မမြို့တွင် လျှပ်စစ်မီတာခကောက်ခံရန်အတွက် ဝန်ထမ်းလိုအပ်ချက်ရှိနေပြီး အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် စစ်ကောင်စီထောက်ခံသူများကို မြို့နယ်လျှပ်စစ်ဌာနမှ ဆွဲခန့်မီတာဖတ် စာရေးများအဖြစ် ခန့်အပ်ထားကြောင်း သိရသည်။
#ဧရာဝတီတိုင်း #ဝါးခယ်မမြို့ #စစ်ကောင်စီလက်အောက်ခံရုံးများ #လျှပ်စစ်မီးပုံမှန်ပေး
#Ayeyarwaddy_Times