
ဧရာဝတီတိုင်းမ်
(သဲကုန်း)၊ ဒီဇင်ဘာ ၁၈ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်၊ ည ၉ နာရီဝန်းကျင်တွင် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း၊တပ်ခွဲ-၃ နှင့် တပ်ခွဲ-၅ တို့မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဓားသွေး ကျောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း(ခ)ကျော်ကြီးသည် ဒေသခံလူငယ်များကို ပျူစောထီးအဖွဲ့ဝင်ရန် လိုက်လံစည်းရုံးနေသူဖြစ်ပြီး ဓားသွေး ကျောက်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
” ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီ နဲ့ မပေါင်းဖို့၊ နှုတ်ထွက်ပြီးပြည်သူနဲ့ ပူးပေါင်းဖို့ကို အကြိမ်ကြိမ်သတိပေးထားခဲ့ပြီးပါပြီ။ အဲ့တာကို နောက်မဆုတ်ဘဲ ဆိုးဆိုးဝါးဝါးကို ဆက်လက်လုပ်ကိုင်နေတဲ့အတွက် အခုလိုပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက် ရခြင်းဖြစ်ပါတယ်” ဟု (၃၆၀၁PPDF) တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်း ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထံမှ စစ်ကောင်စီနှင့်ဆက်သွယ်ထားသည့် လက်ကိုင်ဖုန်း တစ်လုံးကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ပြီး ၎င်းသည် ဒေသခံလူငယ်များကို ပျူစောထီးအဖွဲ့ထဲဝင်ရန် စည်းရုံးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ သတင်းကိုစုံစမ်းကာ စစ်ကောင်စီထံပေးပို့ခြင်း၊ လောင်းကစားဝိုင်းများ ဖွင့်ခွင့်ပြုကာ စစ်ကောင်စီကိုဆက်ကြေးပေးမှုများ ပြုလုပ်နေသည့်အတွက် ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုထားသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်ခရိုင်အတွင်းရှိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို ရာထူးမှနှုတ်ထွက်ရန်၊ စစ်ကောင်စီနှင့်ပူးပေါင်းခြင်းမပြုရန် သတိပေးပြောဆိုထား ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း PDF စခန်းများကို လိုက်လံ လမ်းပြပေးနေသည့် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာ ရာအိမ်မှူး ဦးခင်မောင်ဝင်းကို PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ-၁ မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပြည်ခရိုင် #သဲကုန်း #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ခံရ #PDF #ပျူစောထီးဖွဲ့ရန်စည်းရုံး #Ayeyarwaddy_Times