နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှ လူငယ်အချို့ကို မြို့ပြပြောက်ကျား အဖွဲ့များ(UG)နှင့် ပတ်သက်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးမှု များလာကြောင်း ဒေသခံများ ထံကသိရသည်။

ဖျာပုံမြို့နယ်တွင် လူငယ်အချို့ထံမှ လက်နက် ခဲယမ်းအချို့နှင့် ဒရုန်းဆက်စပ်ပစ္စည်းများ ဖမ်းမိပြီးနောက် စစ်ကောင်စီက ဖမ်းဆီးခံရသည့် လူငယ်များကို ဖုန်းဆက်ခိုင်း၍ ထောင်ချောက်ဆင် ဖမ်းဆီးမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

“ဖျာပုံ၊ ကျိုတ်လတ်၊ ဟင်္သာတနဲ့ မယ်ဇလီကုန်းအနီးမှာရှိတဲ့ ကျေးရွာက လူငယ်တွေပါ အဖမ်းခံနေရတာ။ ဖျာပုံမှာ အဖမ်းခံလိုက်ရတဲ့သတင်းကြားပြီး အဖမ်းခံရမှာ စိုးလို့ ခဏ ရှောင်နေတဲ့ ထက်ကြီးဆိုတဲ့ လူငယ် အဖမ်းခံရတယ်။ စစ်ကောင်စီက သူ့ရဲ့ ဖုန်းထဲက အချက်အလက်တွေကို ယူပြီး ဖုန်းဆက် လိမ်ခေါ်ခိုင်းတာ။ အဖမ်းခံရသူ ကိုးယောက်လောက် ရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ကိုကျန်ကျောင်း၊ ကိုအောင်မြင့်သန်း၊ ဦးသိန်းရွှေ၊ ကိုပန်း၊ ကိုကျော်ဆန်း၊ ကိုကျော်မျိုးထွန်း၊ မကြည်ကြည်ဝင်း နှင့် မဲဇလီကုန်းရှိ အမည်မသိ လူငယ်နှစ်ဦးကိုပါ စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် ဖမ်းဆီးခံထားရသူများ၏ ဖုန်းများမှတဆင့် ၎င်းတို့နှင့် ပတ်သက် သူများဟု ယူဆသူ အယောက် ၄၀ ခန့်အထိ ထပ်မံ ဖမ်းဆီးထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီက ဖမ်းဆီးထားသူများတွင် မြို့ပြပြောက်ကျားအဖွဲ့ နှင့် ဆက်သွယ်၍ ဒရုန်းသင်တန်းတတ်ရောက်ခဲ့သူများဟု စွပ်စွဲကာ ဖမ်းဆီးခံရသူ အနည်းငယ်သာရှိပြီး တော်လှန်ရေးနှင့် ဆက်စပ်မှုမရှိသော်လည်း ဖမ်းဆီးခံရသူများနှင့် ဖုန်းအဆက်သွယ် လုပ်ခဲ့သူများကိုပါ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ-ဧရာဝတီတိုင်းအတွင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်က လိုက်လံစစ်ဆေးနေစဉ် (ပုံဟောင်း)

#စစ်ကောင်စီ #ဧရာဝတီတိုင်းမြို့နယ်များ #လူငယ်အချို့ #UGစွပ်စွဲ #ဖမ်းဆီးမှုများလာ #Ayeyarwaddy_Times