ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဒေသခံတောင်သူများ ဒီဇယ်ဝယ်ယူခွင့်အတွက် ဝယ်ယူခွင့် စာအုပ်ပြုလုပ်ရာတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ သက်သေလူနှစ်ဦးနှင့်အတူ ငွေသုံးသောင်းကျပ် တောင်းကြောင်း ဒေသခံများထံက သိရသည်။

ကန်ကြီးထောင့်မြို့နယ်ရှိ အနောက်စုကြီး၊ဝါးဒူး၊ ကံကုန်းစသော မြို့အနီးကျေးရွာများမှ ဒေသခံတောင်သူများအနေဖြင့် ဒီဇယ်ဆီဝယ်ယူရန်အတွက် ဝယ်ယူခွင့်စာအုပ် ပြုလုပ်ရာတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ အထက်ပါအတိုင်း တောင်းခံကြောင်း ဒေသခံတောင်သူများထံက သိရသည်။

“ဒီဇယ်ဝယ်ဖို့ကို စာအုပ်လုပ်ရင် လက်မှတ်ရှိမှဝယ်ခွင့်ပေးရမယ်။ စာရွက်တခါလုပ်ဖို့သက်သေလူနှစ်ယောက် နဲံ ငွေ သုံးသောင်းပါအတင်းတောင်းတာ။ ထောက်ခံစာမရှိရင် ဒီဇယ်ဝယ်မရဘူး။မရောင်းခိုင်းဘူးပေါ့” ဟု ဝါးဒူးကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းသို့ လုပ်ဆောင်ရန်အတွက် မြို့နယ်စစ်ကောင်စီမှ ရပ်ကျေးအဖွဲ့များထံ စေခိုင်းခဲ့ခြင်းဖြစ်ကာ ရရှိလာသည့်ငွေကြေးများကို တိုင်းရန်ပုံငွေအဖြစ် စစ်ကောင်စီထံ ပြန်လည်ပေးသွင်းရန်ဖြစ်ကြောင်း မြို့နယ်စစ်ကောင်စီနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်ထံက သိရသည်။

“အခုငွေကောက်ခိုင်းတာက စက်သုံးဆီတွေ မလုံလောက်တာလည်း ပါတယ်။ နောက်ပြီးဆီဝယ်ခွင့်ကနေ ရတဲ့ငွေတွေကို တိုင်းထွေအုပ်ကို ရန်ပုံငွေသဘောပို့ပေးရတယ်” ဟု မြို့နယ်စစ်ကောင်စီနှင့် နီးစပ်သည့်သတင်းအရင်းအမြစ်က ဆိုသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်းကလည်း စားသုံးဆီဝယ်ယူရန် ရပ်ကျေးအဖွဲ့မှ ထောက်ခံစာလုပ်ခိုင်းပြီး ငွေတောင်းယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#ကန်ကြီးထောင့်# ဒေသခံတောင်သူများ # ဒီဇယ်ဆီဝယ်ခွင့်စာအုပ် #သက်သေနှစ်ဦး #ငွေသုံးသောင်းကျပ် #Ayeyarwaddy_Times