ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၅ ရက်

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို ယမန်နေ့ နို၀င်ဘာ ၂၄ ရက် နံနက် ၁၂ နာရီ ၅ မိနစ် အချိန်တွင် တအာင်းတပ်မတော် TNLA က ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရှင်းလင်းရေး လုပ်ဆောင်စဉ် မြေမြုပ်ထားသည့် စစ်ကောင်စီ တပ် သားအလောင်း ၅၀ ကျော်တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

မိုင်းကျက်တပ်စခန်းအတွင်းမှ စစ်ကောင်စီ၏ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်ပေါင်းများစွာ၊ စစ်ကောင်စီတပ်ဖွဲဝင် (ရန်သူအလောင်း) မြှုပ်နှံထားသည့်နေရာ ၅၀ ကျော်နှင့် စစ်သုံးဆောင်ပစ္စည်းများစွာ ရှင်းလင်း သိမ်းဆည်း ရမိကြောင်း ဖော်ပြထား သည်။

အဆိုပါ မိုင်းကျက်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ရက် နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ တစ်လနီးပါး အကြာ တိုက်ခိုက်ပြီးနောက် ယမန်နေ့တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု Jet Fighter ဖြင့် (၉၅) ကြိမ်၊ Y8/Y12 လေယာဥ် (၁၂)ကြိမ်၊ Mi-35 (၁၅)ကြိမ်၊ Mi-17 (၁၅)ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ မှ ယနေ့ နိုဝင်ဘာ ၂၅ အထိ ၂၉ ရက်တာအတွင်း စစ်ကောင်စီသည် ရှမ်းမြောက်ရှိ မြို့ ခုနစ် မြို့နယ်နှင့် အခြေစိုက် တပ်စခန်းပေါင်း ၂၁၀ ကျော်ကို ညီနောင်မဟာ မိတ်တပ်ဖွဲ့များမှ သိမ်းဆည်း ရမိထားပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- PSLF/TNLA (သတင်းနှင့် ပြန်ကြားရေးဌာန)
#ရှမ်းမြောက် #လားရှိုး #မိုင်းကျက်စစ်ကောင်စီတပ်စခန်း #မဟာမိတ်ညီနောင် #သိမ်းပိုက်# လက်နက် #အလောင်း၅၀ကျော်သိမ်းဆည်းရရှိ #Ayeyarwaddy_Times