
ဧရာဝတီတိုင်းမ်
(ရေး)၊ နိုဝင်ဘာ ၂၅ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့နိုဝင်ဘာလ ၂၅ ရက်နေ့က ခေါဇာမြို့နယ်ခွဲ ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး လက်နက်အပြည့်အစုံဖြင့် ရေးပြောက်ကျား တပ်ဖွဲ့(YGF) ထံသို့ CDM ပြုလုပ်ခဲ့ပြီး ရေးတွင် ပထမဆုံး CDM ပြုလုပ်သူ ဖြစ်ကြောင်း သိရသည်။
ခေါဇာမြို့နယ်ခွဲ ရဲစခန်းမှ ရဲတပ်ကြပ် မင်းနောင်သည် ၎င်းကိုင်ဆောင်သည့် G-3 သေနတ်လက်နက် တစ်လက်နှင့်အတူ ကျည်ဘောက် နှစ် ဘောက်၊ ကျည်အတောင့် ၁၀၀ တောင့် ကိုယူဆောင်၍ လက်နက်ခဲယမ်းအပြည့်စုံဖြင့် CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေးမြို့နယ်မှာ လက်နက်အပြည့်အစုံနဲ့ CDM လုပ်တာပထမဦးဆုံးပါ။ အဲဒီအတွက် လည်း ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေက လမ်းဖွင့်ထားပြီးသားပါ။ အခုချိန်က နောက်ဆုံးအချိန်နဲ့အကောင်းဆုံးအချိန်လို့မြင်တာပဲ။ အခွင့်အရေးရတုန်း မြန်မြန်လေး ပြည်သူဘက်ကိုပူးပေါင်းပေးကြပါလို့နွေးထွေးစွာနဲ့ဖိတ်ခေါ်ပါတယ်ဗျာ။ နောက်ပိုင်း ကျတော့ စစ်ရေးအရှိန်မြှင့်လာမှာဖြစ်တဲ့အတွက် ရတဲ့အချိန်လေးမှာ ပြည်သူဘက်ခို လှုံလာဖို့ ပြောချင်ပါတယ်” ဟု YGF အဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူ စောခေတ်သစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများပြုလုပ်နေသည့်အတွက် ၎င်းအနေဖြင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ဆက်လက်ထမ်းဆောင်ခြင်း မပြုနိုင်တော့သည့်အတွက် CDM ပြုလုပ်ကာ အလင်းဝင်ရောက် လာခြင်းဖြစ်ကြောင်း အဆိုပါ ရဲတပ်ကြပ်ထံက သိရသည်။
ရေးပြောက်ကျားတပ်ဖွဲ့အနေဖြင့် မွန်ပြည်နယ်ရှိတော်လှန်ရေးတပ်ဖွဲ့များ ကိုယ် စား CDM ပြုလုပ်ကာ အလင်းဝင်လာမည့် စစ်ကောင်စီတပ်သားများ၊ Non CDM များ၊ ပြည်သူ့စစ်/ပျူစောထီးအဖွဲ့ဝင်များကို ကြိုဆိုနေပြီး ၎င်းတို့၏လုံခြုံရေးကို တာဝန်ယူ ပေးသွား မည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
ဓာတ်ပုံ – YGF
#ရေး #YGF #လက်နက်ချအလင်းဝင် #ခေါဇာရဲစခန်း #ရဲတပ်ကြပ်CDMပြုလုပ် #ပထမဆုံးအကြိမ် #Ayeyarwaddy_Times
Boost this post to