ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) သည် မြို့ငါးမြို့တွင် အင်တာနက်တိုးချဲ့ တပ်ဆင် နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ (နှစ်သိန်းခွဲ) ရရှိရန် Fedral Net Campaign” စတင်ကြောင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့က ” ကြေညာခဲ့သည်။

ထို့အတူ အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည့် ကရင်နီပြည်နယ်တွင် ပြည်သူလူထုအနေဖြင့်ပါ အင်တာနက်အသုံးပြုနိုင်ရန်အတွက် Karenni Hope အဖွဲ့က ဦးဆောင်၍ ကူညီ လုပ်ဆောင်ပေးခဲ့သည်။

ထိုသို့လုပ်ဆောင်မှုများ ရှိလာပြီးနောက် အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသ အချို့တွင် ဂြိုဟ်တုအင်တာနက် (Satellite internet) ဝန်ဆောင်မှုများကို တပ်ဆင် သုံးစွဲသူ များရှိလာသည့်အတွက် သုံးစွဲသူများကို ဆက်သွယ်ရေးဥပ‌ဒေပုဒ်မ(၆၇)နှင့် အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီ ထုတ်သတင်းစာများတွင် ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ Federal Net Campaign ကတော့ MOCIT ရဲ့ ပုံမှန်လုပ်ရမယ့်အလုပ်ကို လုပ်ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဘယ်နည်းပညာပဲ သုံးသုံး၊ တော်လှန်ရေး အောင်မြင်ဖို့ နဲ့ ပြည်သူတွေ အကျိုးအတွက်ပဲ ရှေ့ရှုပြီး ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အစွမ်းကုန် ကြိုးပမ်းပေးနေမှာ ဖြစ်ပါတယ်။ ဒါကို တရားမဝင်အာဏာသိမ်းထားတဲ့ သူခိုးဓားပြ၊ စစ်ကောင်စီက ထုတ်တဲ့စာကို ဘယ်လိုမှ သဘောမထားပါဘူး။ အဖက် လုပ်ပြီး စကားထဲကို ထည့်ပြောစရာအကြောင်းမရှိပါဘူး ” ဟု MOCIT တွဲဘက်အတွင်း ဝန် ကိုလင်းက ဧရာဝတီတိုင်မ်းကိုပြောသည်။

ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) အနေဖြင့် အင်တာနက်ဆက်သွယ်‌ရေး ဖြတ်တောက်လျှော့ချခံထားရသည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်တို့မှ မြို့နယ်ပေါင်း ၅၂ မြို့နယ်တွင် NUG က ထိန်းချုပ်ထားသည့် အင်တာနက်ဆက်သွယ်ရေးကွန်ရက်ကို တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကရင်နီပြည်နယ်အတွင်း ပြည်နယ်တစ်ခုလုံးနီးပါး အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် ကရင်နီပြည်နယ်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် Karenni Hope အဖွဲ့က ဦးဆောင်၍ ဒေသခံများ အင်တာနက်အသုံးပြုနိုင်ရန် တစ်နာရီလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ဂြိုဟ်တုအင်တာနက်ကို သုံးစွဲနိုင်ရန် စီစဉ်ပေးထားကြောင်းသိရသည်။

“သတင်းက ကျွန်တော်တို့ကော ပြည်သူတွေပါ ပြတ်လို့မရဘူးပေါ့နော်။ တချို့က စစ်ရှောင်ရင်း မိသားစုချင်း တကွဲတပြားဖြစ်နေတာတွေ၊ ပြီးတော့စစ်ရေးသတင်း အချက် အလက်ဆိုတာ ပြည်သူတွေသိသင့်တယ်ပေါ့နော်။ သူတို့(စစ်ကောင်စီ) ကတော့ ထုတ်မှာ ပါပဲ သတင်းအမှောင်ချချင်လို့ပေါ့။ ကျွန်တော်တို့ကတော့ သူတို့ပိတ်လဲ တနည်းနည်း နဲ့တော့ ရှာကြံရမှာပဲ။ သတင်းတွေက အဆက်သွယ်ပြတ်လို့မရဘူးလေ။ အခုအချိန် ပိုဆိုး တာပေါ့ဗျ” ဟု Karenni Hope အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီဘက်က အရေးယူမည်ဖြစ်ကြောင်းထုတ်ပြန်ထားသော်လည်း MOCIT နှင့် တော်လှန်ရေးအဖွဲ့များက တော်လှန်ရေးတွင်အရေးပါသည့် အင်တာနက်လိုင်းများရရှိ နိုင်ရန် နည်းပညာပိုင်းအရ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုထားသည်။

‘’ထိုးစစ်တွေ ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ မြို့သိမ်းတိုက်ပွဲတွေလည်း ဆင်နွှဲနေတာမို့ တိုက်၊ သိမ်း၊ ထိန်း အဆင့်အဆင့်တိုင်းမှာ အားလုံးနဲ့ချိတ်ဆက်ပြီး ညီညွတ်စွာ ဆောင်ရွက်ကြဖို့၊ ကောင်းမွန်တဲ့ လုံခြုံဆက်သွယ်ရေးစနစ် ရရှိရေးဟာ အသက်တမျှ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်” MOCIT ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် က Federal Net Campaign တွင် ပြောကြားထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကရင်နီ #MOCIT #ဂြိုဟ်တုအင်တာနက် #စစ်ကောင်စီပိတ်ပင် #အရေးယူ #Ayeyarwaddy_Times