
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် တပ်ပြောင်းအရွှေ့ ပြုလုပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးပါ ခြောက်ဘီးယာဉ်ကို ယနေ့ နိုဝင်ဘာ ၂၅ ရက်၊ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူ -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ဆီမီးခုံမြို့မှ ထွက်ခွာလာသည့် အဆိုပါ စစ်ကောင်စီယာဉ်ကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဆီမီးခုံ – တလုပ်လမ်းပေါ် ရှိ တောရွာနှင့် ရွာရှည်ရွာကြားတွင် ရွှေဂျိုးဖြူ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ မဟာမိတ်အဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူတို့က (စစ်ကောင်စီ တပ်ဖွဲ့ဝင်) ဆီမီးခုံမြို့ တပ်ကပါ။ သူတို့စခန်း အတိုက်ခံ ထားရတော့ ခြေရှုပ်နေတာ။ အခုလည်း တပ်ပြောင်းတပ်ရွှေ့ အင်အားတိုးတာလေ” ဟု ရွှေဂျိုးဖြူ -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒီပက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုကိုမူ စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်ပစ်ခတ်မှုများ လုပ်ဆောင်ကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များကို အနီးတစ်ဝိုက်တွင် တောနင်းရှာဖွေခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီ တပ်သည် ပြီးခဲ့သော နိုဝင်ဘာ ၂၃ ရက်၊ ညပိုင်းကလည်း ကားဖြင့်ထွက်လာကာ သေနတ်များပစ်ဖောက်၍ “မိုက်တဲ့ကောင်တွေ ထွက်ခဲ့ “ ဟု အော်ဟစ်ခြိမ်းခြောက်ခဲ့ပြီး လက်ရှိတွင် ဆီမီးခုံမြို့မှ ကျားတိုင်းရွာဘက်သို့ ဆက်လက် ထွက်သွားကြောင်း ကိုဒီပက ဆက်လက်ပြောသည်။
ယင်းစစ်ဆင်ရေးကို ရွှေဂျိုးဖြူ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ မဟာမိတ်အဖွဲ့ များဖြစ်သော Myingyan Pitohui – 9 ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့၊ PDF – Taloke ၊ ဒေါင်းမင်းတမန်ပြောက်ကျားတပ်ဖွဲ့ – MGN တို့မှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်ကလည်း မြင်းခြံမြို့နယ်ရှိ ရန္တပိုကျောက်စာတိုင်ရှိရာ ရန္တပို – ကိုင်းကျေးရွာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးတို့ တည်ရှိသော စခန်းအား ရွှေဂျိုးဖြူ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ရင်း၊ တပ်ဖွဲ့များမှ တိုက်ခိုက် သိမ်းပိုက်၍ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ရွှေဂျိုးဖြူ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ဆီမီးခုံမြို့ #တပ်ပြောင်းအရွှေ့ပြုလုပ် #စစ်ကောင်စီတပ်ဖွဲ့ဝင်၃၀ဦး #ခြောက်ဘီးယာဉ် #မိုင်းဆွဲတိုက်ခိုက် #Ayeyarwaddy_Times