
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၀ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်တွင် ပိတ်မိနေသည့် Non CDM ပါမောက္ခချုပ် အပါအ၀င် ဆရာ၊ ဆရာမများနှင့် မိသားစု၀င် ၂၀၄ ဦးကို ဘေးကင်းရာသို့ကယ်ထုတ်ထားပြီး လုံခြုံစိတ်ချရသည့်နေရာတွင် ရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့တွင် စာရင်းဇယားနှင့်တကွ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နို၀င်ဘာ ၁၁ ရက်နေ့က လွိုင်ကော်တက္ကသိုလ်၀င်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မြို့အတွင်း၀င်ရောက်လာသော KNDF စစ်ကြောင်းကို ဆီးကြို တိုက်ခိုက်ရာ တက္ကသိုလ်၀င်းအတွင်းရှိ ၀န်ထမ်းနှင့် မိသားစုများ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေခြင်းတို့ကြောင့် လွိုင်ကော် တက္ကသိုလ်မှ ၀န်ထမ်းနှင့်မိသားစုများ၊ စက်မှုကျောင်းမှ ၀န်ထမ်းများအပါအ၀င် ၂၀၄ ဦးပိတ်မိနေခဲ့ပြီး လက်နက်ကြီး ကျရောက်မှု လျော့နည်းလာချိန်တွင် KNDF က ၎င်းတို့ကို ဘေးကင်းရာသို့ အရေးပေါ်ကူညီ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဆိုသည်။
ကူညီကယ်ဆယ်ထားသည့် တက္ကသိုလ်မှ၀န်ထမ်းနှင့် မိသားစု၀င်များကို လူသားချင်း စာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစု၀င်များနှင့် အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စများကို ဆက်လက်လုပ်ဆောင်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအပါအ၀င် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး ကျန်ရှိတပ်သား ၃၂ ဦးမှ လက်နက်ချ အညံ့ခံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်နှင့် ရုပ်သံမှတ်တမ်းများအရ သိရသည်။
ပုံစာ- လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်
#ကရင်နီ #လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် #ဆရာဆရာမမိသားစု #၂၀၄ဦး #ဘေးကင်းကြောင်းထုတ်ပြန် #KNDF #Ayeyarwaddy_Times