ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၆ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)
ကချင်ပြည်နယ်၊ ရှမ်းပြည်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ (EROs) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တို့ ကြားတိုက်ပွဲ အရှိန်မြင့် လာသည်မှာ ရက်ပေါင်း ၂၀ ကျော်ရှိလာပြီဖြစ်သည်။ စစ်ရေးအရှိန် တဖြည်းဖြည်း မြင့်တက်ချိန် တစ်ဖက်တွင်လည်း ကုန်ဈေးနှုန်းများက အကြောင်းပြချက်အမျိုးမျိုးဖြင့် လိုက်ပါခုန်တက်နေ ကြောင်းသိရသည်။
စစ်ရေးပြင်းထန်နေသောဒေသများတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး အခြားနေရာများတွင်လည်းဈေးအတက်တွင်ပင်ရှိနေသည်။
သီတင်းနှစ်ပတ်ကျော်ကြာဈေးငြိမ်နေသော နိုင်ငံခြားငွေလဲနှုန်းထားနှင့် ရွှေဈေးကွက်တွင် ငွေလဲနှုန်းအနည်းငယ်မြင့်တက်ပြီး ရွှေဈေးနှုန်းက ရုတ်တရက်မြင့်တက်သွားကြောင်း သိရ သည်။
ထို့ပြင်တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့်လူသုံးကုန်နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး စားဖိုဆောင်သီး နှံများဈေးလည်းမြင့်တက်လျက်ရှိသည်။
နိုဝင်ဘာ ၁၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ပေါ်ရှိ ရိုးမဘဏ်ခွဲယာယီပိတ်ကြောင်း သတင်းထွက်ပေါ်ပြီးနောက်ပိုင်းတွင် ဘဏ်များအပေါ်ယုံကြည်မှုလျော့ကျလာပြီး ဘဏ်များ ငွေထုတ်ယူသူများလာကြောင်း ဘဏ်နှင့်ဆက်စပ်သူများထံက သိရသည်။
ထို့ပြင် လူမှုကွန်ရက်စာမျက်နှာတွင် ဘဏ်ဝန်ထမ်းများကို လစာနှစ်လစာ ကြိုပေးကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဘဏ်များတွင်ငွေထုတ်ရန်တန်းစီး စောင့်ဆိုင်နေသူများလာပြီး ဘဏ်ဂယက်ရိုက်ခတ်ကာ လှုပ်ခါမှုများရှိနိုင်သည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကမူ ဘဏ်များ ရှိအပ်ငွေစာရင်းများမှ ငွေသား ထုတ်ယူခြင်းများကိုကန့်သတ်နေခြင်းမရှိကြောင်း၊ ဘဏ်ဝန်ထမ်း များကိုလစာ ကြိုတင်ထုတ် ပေးခြင်းမရှိကြောင်း နိုဝင်ဘာ ၁၆ ရက်နေ့တွင်သတင်း ထုတ်ပြန်သည်ထား သည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုလုပ်ဆောင်နေသောစစ်ကောင်စီကို အမေရိကန် အစိုးရက ဒေါ်လာငွေသုံးစွဲရာတွင် အကျပ်အတည်းဖြစ်စေရန် စီးပွားရေးပိတ်ဆို့များ ပြုလုပ်ထားသည်။
စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ယွမ်၊ ထိုင်း ဘတ်ငွေ နှင့် နယ်စပ် ကုန်သွယ်ရေးတွင်တိုက်ရိုက်လဲလှယ်လျက်ရှိသည်။ ထို့ပြင် အိန္ဒိယ၊ ရူပီး၊ ဘင်္ဂလားဒေ့ရှ် ကာတာ နှင့် ရုရှားငွေ ရူဘယ်တို့ဖြင်ကုန်သွယ်မှုပြုနိုင်ရန်ဆွေးနွေးနေကြောင်း စစ်ကောင်စီ သတင်းများအရ သိရသည်။
လက်ရှိနိုင်ငံရေး အခြေအနေများကြားတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းသည်လည်း ဆက်လက် မြင့်တက်လာသည်။
အမေရိကန်ဒေါ်လာ လဲလှယ်ရေးတွင် ပုဂ္ဂလိကဘဏ်သတ်မှတ်ဈေး ကန်ဒေါ်လာ တစ်ကျပ်လျှင် ၂၅၂၅ ကျပ်သတ်မှတ်ပြီး အလုပ်သမားငွေလဲနှုန်းမှာ ကန်တစ်ဒေါ်လာလျှင် ကျပ် ၃၁၃၀ ကျပ်ဖြစ်သည်။
ယခုနှစ်ပတ်အတွင်းပြင်ပပေါက်ဈေးတွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂၀၀ ခန့်မြင့်တက်လာသည်။
ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် အရောင်း ၃၄၉၀ ကျပ်၊ အဝယ် ၃၄၃၀ ကျပ်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် ကန်တစ်ဒေါ်လာလျှင် ၃၂၅၀ ကျပ်ရှိကြောင်း ဈေးကွက်အတွင်း မှစုံစမ်းသိရသည်။
မြန်မာ – တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး ဇုန်နှစ်ခု တွင်လုပ်ငန်းများ ရပ်ဆိုင်ထားသော်လည်း တရုတ်ယွမ်ဈေးနှုန်း မြင့်လာကြောင်း ဈေးအကွက်အတွင်းမှ စုံစမ်းသိရသည်။
တရုတ်ယွမ်ဈေးသည် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့က တစ်ယွမ်လျှင် ၄၇၂ ကျပ်ရှိပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် တစ်ယွမ်လျှင် ၄၅၂ ကျပ်ရှိကြောင်းသိရသည်။ နယ်စပ် ကုန်သွယ်ရေးရှိရာ ရှမ်းပြည်မြောက်ပိုင်းစစ်ရေးပြုလုပ်ချိန် အောက်တိုဘာ ၂၇ ရက်နေ့တွင် တရုတ် တစ်ယွမ်လျှင်လည်း ၄၅၂ ကျပ်ရှိခဲ့သည်။
ထို့ပြင်ထိုင်းဘတ်ငွေလည်းမြင့်လာပြီး ယမန်နေ့ အောက်တို့ဘာ ၁၆ ရက်နေ့က တစ်ဘတ်လျှင် အရောင်း ၉၆ ကျပ်၊ အဝယ် ၉၄ ကျပ်ရှိကာ နိုဝင်ဘာ ၁ ရက်နေ့တွင် ဘတ်အရောင်း တစ်ဘတ်လျှင် ၉၆ ကျပ်၊ အဝယ် ၉၀ ကျပ်ရှိကြောင်းဈေးကွက် အတွင်းစုံစမ်းသိရပြီး ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိနေသည်။
#ပြည်တွင်းရွှေဈေးနှုန်းကျပ်၂သိန်းခွဲအထိမြင့်တက်
ပြည်တွင်းဘဏ်တချို့က အင်တာနက်လိုင်းပြတ်တောက်ခံရသည်ဟုဆိုကာ ဘဏ်ခွဲတချို့ ပိတ်ပိင်ထားမှုများရှိလာပြီး ဘဏ်အပေါ်ငွေအပ်နှံသူများ၏ ယုံကြည်မှုနည်းလာကြောင်း သိရသည်။ ဘဏ်အပ်ငွေများကိုထုတ်ယူပြီး ရွှေဝယ်ယူလာသဖြင့် ရွှေဈေးတက်နေ ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။
ယခုနှစ်ပတ်အတွင်း အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် နှစ်သိန်းခွဲ မြင့် တက်လာခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၆ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်းဝန်းကျင်ရှိပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် ကျပ် ၃၄ သိန်းခွဲရှိကြောင်း ရွှေဆိုင်များထံမှ သိရသည်။
#ပြည်တွင်းစက်သုံးဆီဈေးနှုန်းနှင့်ပြတ်လပ်အချို့ဖြစ်ပေါ်
ရန်ကုန်မြို့နှင့် အချို့နယ်များတွင် ယခုခြောက်ရက်အတွင်း စက်သုံးဆီပြတ်လပ်မှု များကြုံတွေ့ရသည်။ ရန်ကုန်မြို့အတွင်းရှိစက်သုံးဆီအရောင်းဆိုင်များတွင် လူသုံးများ သော အောက်တိန်း ၉၂ နှင့် ၉၅ အမျိုးအစားပြတ်လပ်ခဲ့ပြီး ဆီတန်းစီဖြည့်ရကြောင်း ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယဉ်မောင်းတစ်ဦး ထံက သိရသည်။
“ မနက်ကတော့ ဆိုင်တစ်ဆိုင်မှာဖြည့်တာ ၉၅ ကို ငါးသောင်းဖိုးရတယ်။ အရင်နေ့ တွေက အကန့်အသတ်နဲ့ရောင်းတယ်။ ပြီးခဲ့တဲ့ရက်ကဆို ဆီရှိမယ့်ဆိုင်လိုက်ရှာထည့် ရတာနဲ့ တန်းစီးတာ နှစ်နာရီလောက်စောင့်ရတာနဲ့” ဟု ၎င်းက ဧရာ၀တီတိုင်းမ်ကို ဆက်လက်ပြောကြားသည်။
ပြည်ပမှ စက်သုံးဆီတင်သင်္ဘော သုံးစင်းသည် နိုဝင်ဘာ ၁၄ ရက်နေ့ကရောက်ရှိပြီး တိုင်းနှင့်ပြည်နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များကို ဖြည့်တင်းပေးနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီထံက သိရသည်။
ထို့ပြင်စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ဆောင်ရွက်နေသော်လည်း ဆီရှိလျက်ဖြင့် ရောင်းချ ပေးခြင်းမရှိသည့် ရန်ကုန်မြို့အတွင်းရှိစက်သုံးဆီအရောင်းဆိုင် သုံးဆိုင်ကို စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
စက်သုံးဆီဈေးနှုန်းတွင် ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၂၁၃၀ ၊ ၉၅ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၅၀ ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၂၄၅ ကျပ်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၀၈၀ ကျပ် ၊ ၉၅ တစ်လီ တာလျှင် ၂၁၉၀ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၃၅၅ ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၃၅၀ ကျပ်ရှိကြောင်း သိရသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းတွင် စပါးပေါ်ချိန်ဖြစ်၍ ဆန်ဈေးနှူန်းတစ်ခုသာ တည်ငြိမ်နေပြီး ကျန်ရှိနေသည့် စားဖိုဆောင်သီးနှံဈေးနှုန်းများမြင့်တက်နေသည်။ ဆန်နှင့် ဆီဈေးနှုန်းများကို စစ်ကောင်စီသတ်မှတ်နှုန်းထား အတိုင်းရောင်းချရန်တင်းကျပ် ထားသည်။
သို့သော်လည်း လက်ရှိဖြစ်ပွားနေသည့် ဘဏ်ဂယက်များကြောင့် ကုန်ဈေးနှူန်းများ ရုတ်တရက်မြင့်လာပြီး ဆန်ဈေးနှုန်းများ ကျပ်တစ်သောင်းမှ သုံးသောင်းကျော် မြင့်တက်သွားကြောင်း လက်လီ လက်ကား ရောင်းချသောဆန်ဆိုင်များထံက သိရသည်။
ပြည်တွင်းစားသုံးမှုမြင့်သောပေါ်ဆန်းအုပ်စုဝင်ဆန်အမျိုးအစားများသည် ကျပ် တစ်သိန်း နှစ်သောင်း ဝန်းကျင်ရှိပြီး အနိမ့်ဆုံးဆန်အမျိုးစား ဇီယာလျှင် ကျပ် ရှစ်သောင်းနီးပါး ရောက်ရှိလာကြောင်း ဆန်ဆိုင်တစ်ခုမှ စုံစမ်းသိရသည်။
ရွှေဘိုပေါ်ဆန်းမွှေးထိပ်စ တစ်အိတ် ၁၇၀,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေးထူးထူးရှယ် တစ်အိတ် ၁၅၅,၀၀၀ ကျပ်၊ ဧရာရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ် ၁၄၂,၀၀၀ ကျပ်၊ ကျားပျံရှယ် ၁၃၅,၀၀၀ ကျပ်ထိ ဈေးတက်လာကြောင်းသိရသည်။
ထို့ပြင် ဖျာပုံပေါ်ဆန်း တစ်အိတ် ၁၁၀,၀၀၀ ကျပ်၊ ပုသိမ်ပေါ်ဆန်းတစ်အိတ် ၁၀၅,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၁၀၀,၀၀၀ ကျပ်၊ ဆင်းသွယ်ရှယ် ၈၇,၀၀၀ ကျပ်၊ ဇီယာရှယ် ၇၆,၀၀၀ ကျပ်ရှိကြောင်း ဆန်လက်လီလက်ကားအရောင်းဆိုင်ထံက သိရသည်။
စားသုံးဆီမှာမူ စစ်ကောင်စီသတ်မှတ်ဈေးနှုန်း အတိုင်းရောင်းချသည့် ဆီဆိုင်များတွင် စားအုန်းဆီကိုတန်းစီဝယ်ယူနေရ ဆဲဖြစ်သည်။
စစ်ကောင်စီသတ်မှတ်ချက် ရန်ကုန်အထိုင်အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း စားအုန်း ဆီ တစ်ပိဿာလျှင် ၄,၆၈၀ကျပ်ဖြင့် နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်နေ့အထိရောင်းဈေးသတ်မှတ်ထားသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီတင် သွင်းသည့် ကုမ္ပဏီပူးပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်း တစ်ပိဿာ ကျပ် ၄,၆၈၀ ဖြင့် စားအုန်းဆီရောင်းချရာနေရာများတွင်ပြည်သူများ တန်းစီးတိုးဝယ်နေ ရသည်။
လက်ရှိနှစ်ပတ်အတွင်းစားဖိုဆောင်သီးနှံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အားလူးဈေးနှုန်းများ ကျပ် ၅၀၀ မှ ၁၀၀၀ ကျပ်အတွင်းမြင့်တက်လာသည်။ ကြက်သွန်နီ တစ်ပိဿာ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ နှစ်သောင်းကျပ်၊ အာလူး တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ရှိကြောင်း ရန်ကုန်မြို့ရှိလက်လီအရောင်းဆိုင်များထံမှ သိရသည်။
“ အရာရာဈေးတက်နေတော့ ပုဂ္ဂလိကဝန်ထမ်းတွေက ကျလစာလည်းမတက်နဲ့။ အရင်လိုပဲပေး တော့ဘယ်လုပ်မလဲ။ လတိုင်းစိတ်ဆင်းရဲနေရတယ်။ အသား၊ငါးဆို ဆီပြန်ဟင်းမစားနိုင်တော့ဘူး။ ရောနှောပြီပဲချက်နေရတယ်။ ဈေးသွားတိုင်းဈေး တက်တော့စိတ်ညစ်ရနဲ့ ဒီလိုပဲချွေတာစားရတာပဲ” ဒဂုံမြိုု့သစ်မြောက်ပိုင်းနေထိုင်သူ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ဆိုသည်။
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #နိုဝင်ဘာ၁မှနိုဝင်ဘာ၁၆ #Ayeyarwaddy_Times