ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်တွင် ဒေသခံလူငယ် (၂၀)ဦးထက်မနည်းကို ရပ်ကျေးပျူစောထီး (ပြည်သူ့စစ်) အဖွဲ့ဝင်များမှ ဖမ်းဆီးကာ စစ်သင်တန်းတက်ရန် အတင်းအကြပ် ပို့ဆောင်နေကြောင်း သတင်းရရှိသည်။.

ငါးသိုင်းချောင်းမြို့ရှိ အောင်ဆန်းရပ်ကွက်၌ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင်အချို့မှ တပ်အင်အားဖြည့်တင်းရန်ဟုဆိုကာ ရပ်ကွက်အတွင်းရှိ ဒေသခံ လူငယ်၂၀ဦးထက်မနည်းကို လက်ကိုင်ဖုန်းစစ်ဆေးမှုများပြုလုပ်၍ ဖမ်းဆီးကာ စစ်သင်တန်းတက်ရန်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်ခံခဲ့ရကြောင်း ဖမ်းဆီးပို့ဆောင်ခြင်း ခံရသူတစ်ဦး၏ မိသားစုဝင်များထံက သိရှိရသည်။

”အိမ်က မိသားစုဝင်တစ်ယောက် တပ်ထဲသင်တန်းတက်ဖို့ ပါသွားတယ်။ ရပ်ကွက်ထဲမှာ ပျူစောထီးတွေ တရားလွန်နေပြီ။ အင်အားဖြည့်ဖို့ဆိုပြီးတော့ ရပ်ကွက်ထဲက ကောင်လေးတွေကို လိုက်စည်းရုံးတယ်။ မရတော့ဖုန်းစစ်မယ်ဆိုပြီး ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ ဖမ်းပြီးတော့ ပုသိမ်ကိုအပို့ခံနေရတာ။ ကလေးတွေလည်း ဘယ်သွားနေရမလဲမသိတော့ဘူး”ဟု ဖမ်းဆီးခံရပြီး စစ်သင်တန်းပို့ခံရသူ တစ်ဦး၏ မိသားစုဝင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ဖမ်းဆီး၍ တပ်အတွင်းသို့ပို့ဆောင်ပေးသူများကို တစ်ဦးလျှင်ငွေ ကျပ် နှစ်သိန်း မှ ငွေကျပ်သုံးသိန်း ဝန်းကျင်အထိ စစ်ကောင်စီတပ်မှ ပေးသည့်အတွက် ရပ်ကွက်အတွင်းရှိ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များမှာ စီးပွားရေးပုံစံ လုပ်ဆောင်နေကြောင်း ပျူစောထီး(ပြည်သူ့စစ်)အသိုင်းအဝန်းထံက သိရှိရသည်။

”တပ်ထဲပို့ပေးရင် တစ်ယောက်ကို နှစ်သိန်း ရတယ်။ တစ်ယောက်ထက်ပိုပြီး ပို့ပေးရင်သုံးသိန်းရတယ်။ တော်တော်များက ဘာမှမလုပ်တော့ဘူး။ တပ်ထဲဝင်ဖို့ လိုက်စည်းရုံးတယ်။ မရရင်အတင်းဖမ်းပြီးတော့ တပ်ထဲပို့တယ်ပေါ့။ တကယ့်ကိုစီးပွားရေးဆန်ဆန်လုပ်နေတာပါပဲ”ဟု ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ငါးသိုင်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလပထမအပတ်ကစပြီး စစ်ကောင်စီသတင်းပေးဖြစ်သူ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင်များမှ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းကာ အလုပ်အကိုင်ရှာဖွေနေသည့် ဒေသခံ လူငယ်များကို တပ်တွင်းသို့ ဝင်ရောက်ရန် အတင်းအကြပ် စည်းရုံးလုပ်ဆောင်မှုများ ရှိနေကြောင်းသိရသည်။

#ငါးသိုင်းချောင်း #ဒေသခံလူငယ် #၂၀ခန့် #ရပ်ကျေးပျူစောထီးပြည်သူ့စစ် #ဖမ်းဆီး #စစ်သင်တန်းတက်ရန် #အတင်းအကြပ်ပို့ဆောင်
#Ayeyarwaddy_Times