ဧရာဝတီတိုင်းမ်
(ဒေးဒရဲ)၊ ဇူလိုင်လ ၂၀ ရက်

ဧရာ၀တီတိုင်း၊ ဒေးဒရဲမြို့နယ်၊ အင်းဒူးကျေးရွာက ဘုန်းကြီးကျောင်းမှာ မနေ့ကညပိုင်း ကအသက် ၉၃ အရွယ် ကျောင်းထိုင်ဆရာတော် နဲ့ကပ္ပိယဖြစ်သူတို့ အသတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူကျောင်းထိုင်ဆရာတော် ဉူးအိန္ဒြိယ၊ သက်တော် (၉၃)နှစ်၊ ဝါတော် (၇၂)ဝါမှာ ဦးခေါင်းငယ်ထိပ် ပြတ်ရှဒဏ်ရာ (၂)ချက်၊ ဝဲပါး ပြတ်ရှဒဏ်ရာ (၁)ချက်နဲ့ ပျံလွန်တော်မူတာဖြစ်ပြီး ကပ္ပိယဖြစ်သူ ဦးမောင်စော၊အသက်(၆၂)နှစ်မှာတော့ ယာမေးစေ့ ပြတ်ရှ ဒဏ်ရာ (၁)ချက် ရရှိကာသေဆုံးခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

” ဆရာတော် ကျောင်းထိုင်တာ အနှစ် ၃၀ ရှိပြီ။ ဝါတော် ၇၃ ဝါရပြီ။ ဘုန်းကြီးကျောင်းကလည်း ရွာနဲ့အလှမ်းဝေးတယ်။ ဆရာတော်ကဓါးဒဏ်ရာ ၃ ချက်နဲ့ ပျံလွန်တော်မူတယ်။ ကပ္ပိယကြီးက ဓါးဒဏ်ရာ ၁ ချက်နဲ့သေဆုံးနေတယ်။ ကျောင်းက ဗီဒိုတွေလဲ မွှေနှောက်ထားတာတွေ့ရတယ် ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ယခုဖြစ်စဥ်နဲ့ပတ်သတ်ပြီး အာဏာသိမ်း စစ်တပ်ကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ် တွေက ဆရာတော်ကို PDF တွေသတ်သွားတယ်ဆိုပြီး လုပ်ကြံဝါဒဖြန့်နေကြကြောင်း တယ်လီဂရမ်အသုံးပြုသူအချို့က ဆိုပါတယ်။

“ဆရာတော်ကို PDF တွေကသတ်တယ်​ဆိုပြီး လိုင်းပေါ်မှာ တင်နေကြတယ်။ လာစစ်တဲ့ရဲတွေတောင် ဆရာတော်နဲ့ အသိတစ်ယောက်ဖြစ်မယ်။ ရုပ်မှတ်မိသွားလို့ သတ်တာနေမယ်လို့ ပြောနေကြတယ်။ PDF တွေက ဒါမျိုးလုပ်မယ်လို့ မထင်ပါဘူး”လို့ ဒေသခံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဟာ နိုင်ငံရေးကိစ္စနဲ့ပတ်သတ်သူ မဟုတ်ပဲ စကားနည်းသူဖြစ်ပြီး ဆရာတော်ထံက အလှူငွေဆယ်သိန်းနီးပါးရှိနေတာကြောင့် ဓါးပြတိုက်ကာသတ်ဖြတ်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။

ဓာတ်ပုံ – ပေးပို့