
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊စက်တင်ဘာလ ၂၈ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက် မှုကြောင့် စစ်ဘေးရှောင် ၈၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ ယခု လက်ရှိအချိန်တွင် စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ခန့် နေရပ်သို့ မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရေဖြူမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက် လာသော စစ်ကောင်စီတပ်များကြောင့် ကျေးရွာပေါင်း ၁၅ ရွာခန့်မှ ဒေသခံပြည်သူ ထောင်နှင့်ချီပြီး အိုးအိမ်များ စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုသည်။
” ရေဖြူမြို့နယ်ထဲက ခက်ခဲနေတဲ့ စစ်ဘေးရှောင်ရှိတဲ့ နေရာအချိို့ကို သြဂုတ်လအတွင်းက ထောက်ပံ့ပေးခဲ့တယ်။အဲဒီအချိန်တုန်းကတော့ စစ်ဘေးရှောင်ဦးရေ ၈၀၀၀ ခန့်ရှိတယ်။အဲ ဒီအထဲက မှ ကျနော် တို့ ထောက်ပံ့ပေးလိုက်တဲ့ ပမာဏ ဟာ လူ ဦးရေ ၂၀၀ ကျော်ရှိတဲ့နေရာဆီကိုရောက်သွားတယ်။အဓိက ကတော့ အရမ်းခက်ခဲနေတဲ့ နေရာကို ဦးစားပေးပြီး ကူလိုက်တဲ့သဘောပေါ့။ သူတို့တွေက စစ်ရှောင်လိုသဘောမျိုးမဟုတ် ပဲ စုပြီးနေကြတာပါ။ အခု စက်တင်ဘာလ တတိယ အပတ် ထိ စစ်ဘေးရှောင် ၃၀၀၀ ဦးရေခန့်ကျန်ရှိနေသေးတယ်။ ၅၀၀၀ ခန့်ကတော့ နေရပ်ကို ပြန်သွားကြပြီလို့သိရပါတယ်။အခု ကျန်နေသေးတဲ့ စစ်ဘေးရှောင် တွေက တော နေအိမ်ကို လုံးဝပြန်လို့မရသေးတဲ့ သူတွေပဲ့ဖြစ်သည်”ဟု စစ်ဘေးရှောင်များကိုကူညီပေးနေသည့် ဒေါနတနင်္သာရီအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေသခံစစ်ဘေးရှောင်ပြည်သူများ နေရပ်အသီးသီးကို မပြန်နိုင်ခြင်းမှာ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ထားဝယ် အထူးစီးပွားရေးဇုန် ရှိပြီး ရေနက်ဆိပ်ကမ်းတွင်လည်း စစ်ကောင်စီတပ်များ တပ်စခန်းချထားသည်။
ယင်းအပြင် အဆိုပါနေရာ အနီးတစ်ဝိုက်တွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်များအချိန်နှင့်အမျှ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် ဒေသတစ်ခုလည်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရေဖြူမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ဒေါန တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ စားနပ်ရိက္ခာများကူညီ ထောက်ပံ့ပေးခဲ့ကြောင်း ၎င်း အဖွဲ့ ဝင်များထံမှ သိရသည်။
ရေဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆန် ၂၄ ပြည် (၁၀ )အိတ်၊ ဆီ ၁၀ ပိသာ ငါးပုံး၊ကြက်သွန် ၁၀ ပိသာ ငါးအိတ်၊ မာမား ခေါက်ဆွဲ ငါးဖာ တို့ကိုလည်း စစ်ဘေးရှောင် ပြည်သူများထံသို့ မျှဝေပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ပြောသည်။
“ကျနော် တို့က ကိုယ်တိုင် ကိုယ်ကျ သွားရောက်ထောက်ပံ့ပေးတာမျိုးတော့ မဟုတ်ဘူးပေါ့လေ။အဲဒီ မြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက် ဆောင်ရွက်ပေးနေတဲ့ သူအချို့နဲ့ ချိတ်ဆက်ပြီး ထောက်ပံ့ပေးခဲ့တဲ့ သဘောမျိုးပဲ့ဖြစ်တယ်” ဟု ဒေါန တနင်္သာရီ – စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ရေဖြုမြို့နယ်အတွင်း စက်တင်ဘာလ တတိယအပတ်ထိ နေရပ်ပြန်ရန် အခက်ခဲရှိနေသည့် စစ်ဘေးရှောင်ပြည်သူ ဦးရေ ၃၀၀၀ ခန့်ကျန်ရှိနေဆဲဖြစ်ပြီး ပြည်သူလူထု၏ ကူညီပေးမှုများလည်း လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။
ပုံ-ရေဖြူမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများအား
#ရေဖြူမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ခန့် လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေး
#Ayeyarwaddy_Times