
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သြဂုတ်လ ၃၁ ရက်နေ့က ဒေသခံအမျိုးသား (၅)ဦးထက်မနည်းကို တော်လှန်ရေးအဖွဲ့များကို ထောက်ပို့ပြုလုပ်သည်ဟုအ စွပ်စွဲပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူထားကြောင်းသတင်းရရှိသည်။
အမှတ် (၆) ရပ်ကွက်ရှိ အသက် ၂၅ နှစ်မှ ၃၀ အရွယ်ကြား လူငယ်အမျိုးသား(၂)ဦးနှင့် (၁၃) ရပ်ကွက်ရှိ အသက် ၂၆ နှစ်မှ ၃၂ နှစ်အရွယ်ကြား လူငယ်အမျိုးသား ၃ ဦးကို တော်လှန်ရေးအဖွဲ့များထံ ထောက်ပံ့သည်ဟုအကြောင်းပြကာ ဖမ်းဆီးခဲ့ပြီး မော်လမြိုင်ကျွန်းမြို့မ ရဲစခန်း၌စစ်ဆေးကာ အကြမ်းဖက်ပုဒ်မ ၅၂(က)ဖြင့် အရေးယူထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
သတင်းအရင်းအမြစ်ကဧရာဝတီတိုင်းမ်ကိုပြောသည်။
” ၆ ရပ်ကွက်နဲ့ ၁၃ ရပ်ကွက် ကိုဧည့်စာရင်းစစ်ရင်းနဲ့မိသွားတာပေါ့။ ယောက်ျားလေးတွေပဲ ၅ ယောက်။ လူမှုစာမျက်နှာ facebook ကနေတဆင့် လိုက်ရင်းအဖမ်းခံရတာ။ PDF ထောက်ပို့တယ် ဆိုတာကအကြောင်းပြတာ။ အခုအကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂ (က)ဖြင့်အမှုဖွင့်ထားတယ်” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးအပတ်မှ စက်တင်ဘာလ ပထမအပတ်အထိ မော်လမြိုင်ကျွန်း မြို့နယ်၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်းအကြောင်းပြ၍ စစ်ဆေးမှုများပြုလုပ်ကာ ဒေသခံများကိုအကြောင်းမဲ့ဖမ်းဆီးမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြို့ခံများထံမှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် သြဂုတ်လကစပြီး မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်နှင့် ဝါးခယ်မ- မော်ကျွန်း- ရန်ကုန်လမ်းဆုံ နေရာ၌ မှတ်ပုံတင်တိုက်ဆိုင်စစ်ဆေးမှု ပိုမိုတင်းကြပ်လာခဲ့ပြီး ငွေကြေးတောင်းခံမှုများရှိနေကြောင်း ဒေသခံများထံကသိရသည်။
#မော်လမြိုင်ကျွန်းမြို့နယ် #PDF #စွပ်စွဲဖမ်းဆီး #ဒေသခံလူငယ်များ #စစ်ကောင်စီတပ် #Ayeyarwaddy_Times