ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၄ ရက်
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်း လေယာဉ်ပစ်ကူ များမှ စစ်ကောင်စီတပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုများနှင့် တပ်မိသားစုဝင် များက တော်လှန်ရေးတပ်ဖွဲ့များထံ အလှူ ငွေလှူဒါန်းမှုများရှိသည့်ဆိုသော သတင်းများကြောင့် တပ်တွင်းဂယက်ရိုက်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်သား အချင်းချင်း လေကြောင်းမှ မှားယွင်းပစ်ခတ်မိမှုများကြောင့် တပ်တွင်းစစ်ဆေးမှုများရှိနေပြီး အလှူငွေလှူဒါန်းသည် ဆိုခြင်းကြောင့် စစ်ကောင်စီတပ် မိသားစုများကိုလည်း ခေါ်ယူစစ်ဆေးမှုများရှိနေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
“ခုနောက်ပိုင်းအချင်းချင်း မှားပစ်မိတာတွေ၊ ကိုယ့်တပ်ဖွဲ့ချင်း ပစ်ကူသွားတဲ့အခါမှာ မှားကြဲမိတာတွေ များလာတာကြောင့် အထက်ကမသိရအောင် ဖုံးဖိထားရ တာတွေ ရှိတယ်။ နောက်တစ်ခုက ဟုတ်မဟုတ်တော့ သေချာမသိရသေးဘူးပေါ့။ PDF တွေကို ထောက်ပံ့နေ တယ်ဆိုတဲ့ သတင်းကြောင့် တပ်တွင်းက စစ်သည်မိသားစုတွေကို စစ်နေတယ်”ဟု မုံရွာမြို့ရှိ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့က ညနေ ၄ နာရီခန့်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ နုံးကြီးကျေးရွာအနီးတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လေယာဉ်ပစ်ကူများ ခေါ်ယူတိုက်ခိုက်ခဲ့ပြီး နမခမှ Mi-35 ဖြင့်နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၎င်းတို့အချင်းချင်းပေါ်သို့ မှားယွင်းပစ်ခတ်မိသဖြင့် စစ်ကောင်စီတပ်သား အများအပြားထိခိုက်သေဆုံးခဲ့ ကြောင်း ဒေသခံများထံက သိရသည်။
“မုံရွာ နမခကနေ ရဟတ်ယာဉ်က ၄ နာရီလောက်တက် လာပြီး ယင်းမာပင်မြို့အရှေ့ဘက်မှာရှိတဲ့ကျေးရွာ တွေကို တစ်နာရီနီးပါးကြာ ပစ်ခတ်ခဲ့တာပါ။ အထက်အမြင့်ကြီးကနေပစ်တာ ထိချင်ရာထိဆိုတဲ့ ရမ်းပစ်တဲ့ သဘောပေါ့ဗျာ။ သူတို့ တပ်ဖွဲ့ပေါ်ကိုလည်း မှားကြဲချမိလို့ ၂၀ ၀န်းကျင်လောက်ထိတယ်။ ဆေးရုံကိုသယ်သွား ကြတယ်”ဟု ယင်းမာပင်နယ်ခံတစ်ဦးက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လအတွင်းက ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်ရွာမှနေ၍ ညောင်ပင်ကြီးကျေးရွာသို့ စစ်ကူရန် ထွက်ခွာလာသည့် စစ်ကောင်စီ တပ်သားများကို လေယာဉ်ပစ်ကူရာတွင် မှားယွင်းပစ်ခတ် မှုများကြောင့် ထိခိုက် သေဆုံးမှု များရှိခဲ့ကြောင်း သိရသည်။
ယင်းစစ်ကိုင်းတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံသို့ မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်မိသားစု၀င်အချို့မှ အလှုငွေများ လျှို့ဝှက် ထောက်ပံ့လှူဒါန်းမှုများရှိကြောင်း Aungsan Force- A.S.F မုံရွာခရိုင် အမှတ်(၅)တပ်ရင်းက ထုတ်ပြန်ထားသည်။
လှူဒါန်းသူများ၏လုံခြုံရေးကြောင့် အသေးစိတ်ထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ ဆက်လက် လှူဒါန်းနိုင်ရန်အတွက် ဖော်ထုတ်ခြင်းမရှိကြောင်း ယင်းအဖွဲ့မှ ပြောဆိုထားပြီး တပ်တွင်းမိသားစုမှ လှူဒါန်းခြင်းရှိ၊ မရှိကိုမူ ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် စုံစမ်းအတည်ပြုလျက်ရှိသည်။
စစ်ကိုင်းတိုင်းတွင် နယ်မြေတည်ငြိမ်၍ ထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက်ဟုဆိုကာ တပ်ရင်းမှူးများကို အဆင့်ဆင့်ပြောင်းလဲ၍ ရာထူးရွှေ့ဆိုင်းမှုများရှိခဲ့ပြီး ဗိုလ်ချုပ်သန်းထိုက်ကို ဖမ်းဆီးပြီးနောက် လူမြင်ကွင်းရှေ့ ထုတ်ပြခဲ့သော်လည်း လက်ရှိတွင်မူ စစ်ကိုင်းတိုင်းကို နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားမှုများ ပြုလုပ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ဓာတ်ပုံ-မုံရွာလမ်းပိုင်းမှာ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သား
#စစ်ကိုင်းတိုင်း #စစ်ကောင်စီ #နမခတပ်တွင်း #လေကြောင်းမှားယွင်းပစ်ခတ် #PDFလှူဒါန်း #Ayeyarwaddy_Times