ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်

ဧရာဝတီတိုင်းတွင် ဇူလိုင်လ ဒုတိယပတ် ၂ ရက်အတွင်း မူးယစ်ဆေးဝါးအပြား ၄၀၀၀ ကျော်ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

မအူပင်၊ ကြံခင်းနှင့် မြန်အောင် မြို့နယ်များတွင် ဇူလိုင်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့၌ ရှောင်တခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။

” တိုင်တာတွေလည်းရှိတယ်၊ သတင်းရတာတွေလည်းရှိတယ် အဲ့တာမျိုး များလာလို့ ရှောင်တခင်ဝင်ဖမ်းခိုင်းတဲ့သဘောပါ။ အဲ့လိုမျိုးမိရင် နှစ်တိုင်းတော့ ရဲတပ်ဖွဲ့နေ့ဆို ဆုရတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မူးယစ်ဆေးဝါးအများဆုံး ဖမ်းမိနိုင်သည့် ရဲတပ်ဖွဲ့ဝင်အား နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့ ရဲတပ်ဖွဲ့နေ့တွင် တိုင်းတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများမှ သက်ဆိုင်ရာနယ်မြေအလိုက် ဆုချီးမြှင့်လေ့ ရှိကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

ခုလိုမျိုး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတွေ ဖမ်းမိနေခြင်းဟာ အဖမ်းပြတဲ့ သဘောသာဖြစ်တယ်လို့ ဒေသခံ အများစုက သုံးသပ်ပြောဆိုမှုများလည်းရှိနေသည်။

” တကယ်ဖမ်းမယ်ဆိုရင် ဂိုဒေါင်တောင် ဆန့်ပမလားများနေပြီ။ သူ့တို့ အာဏာသိမ်းပြီးထဲက လိုင်းကြေးတောင်းမယ်၊ လူဖမ်းမယ် ငွေတောင်းမယ်၊ အေးဆေးနေမယ်၊ တော်လှန်ရေးအဖွဲ့တွေကို ဖမ်းမယ်၊ ဒါဆို နာမည်ရမယ်ဆိုပြီ လုပ်နေတာ၊ အောက်မှာက မူးယစ်ဆေးဝါးက ကျောင်းဝန်းတွေထဲထိရောက်နေပြီ”ဟု ဖျာပုံမြို့ခံ ပြည်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့က မအူပင်မြို့နယ်အတွင်းက ခေတ္တိယစစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါး အပြား ၄၀၀၀ တောင်အား ၂၀၂၃ ခုနှစ်ထဲတွင် အများဆုံးဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

ဓာတ်ပုံ – ရဲတပ်ဖွဲ့

#ဧရာဝတီတိုင်းမ် #မူးယစ်ဆေးဝါး #အဖမ်းပြနေရ #ရဲတပ်ဖွဲ့ #‌ဒေသခံများသုံးသပ် #Ayeyarwaddy_Tims