နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်

အာဏာသိမ်း စစ်ကောင်စီနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (NCA) လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့သည် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး၍ ဒေသတည်ငြိမ်ရေးအပါအဝင် သဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်း RCSS ထံမှ သိရသည်။

စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့သည် နေပြည်တော်တွင် ဇူလိုင်လ ၁၁ ရက်မှ ၁၂ ရက်အထိ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ရက်တာ ဆွေးနွေးညှိုနှိုင်းချက်များအရ အပြီးသတ်ရရှိထားသည့် သဘောတူညီချက်များကို NSPNC နှင့် RCSS တို့အကြား အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီက ၎င်းတို့ဝါဒဖြန့် သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့သည်။

“အခြားကိစ္စတွေ ထည့်သွင်းဆွေးနွေးကြတာကတော့ သဘောတူညီချက်တော့ မရရှိသေးဘူးပေါ့လေ။ ဒေသတည်ငြိမ်ရေး၊ ဒေသဖွံဖြိုးရေးဆိုတဲ့ သဘောတူညီချက်လောက်ပဲ ရရှိသေးတယ်။ ဆက်လက်ပြီးတော့ ကြိုးစားဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောပေါ့။ အဲဒီလို သဘောတူညီချက်ပေါ့နော်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် တတ်နိုင်သလောက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ဖို့ဆိုတဲ့ အချက်လည်းပါတယ်။ အားလုံးပေါင်း သုံးချက်ပေါ့နော်” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသော အချက်များ၊ ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့် အချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ် အေးချမ်းရေးကိစ္စ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပံ့ပိုးရေး ကိစ္စရပ်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကတော့ ပြင်ဆင်ဖို့ဆိုတာတွေ သဘောတူထားတာတော့ ရှိပါတယ်။ ဘယ်အချက်ရယ်လို့တော့ မရှိသေးဘူး။ ဆက်လက်လေ့လာတုန်းပဲ ရှိသေးတယ်။ ဆွေးနွေးဆဲပေါ့။ နောက်ပြီး မကြာမကြာ ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားကြဖို့တော့ ရှိပါတယ်။ အဲလိုတော့ သဘောတူထားတယ်” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF)နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကာ ပူးပေါင်းအဖွဲ့အဖြစ် ရပ်တည်နေကြောင်း သိရသည်။

အဆိုပါ PPST တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်သည်။

အလားတူ စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် NCA လက်မှတ် ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည် နေပြည်တော်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်မှ ၆ ရက်အထိ နှစ်ရက်တာ တွေ့ဆုံကာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့် ရည်ရွယ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ယခင်ဆွေးနွေးပွဲများမှ ရရှိသည့် သဘောတူညီချက်များကိုလည်း ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ပြန်လည်စုစည်း၍ သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ကောင်စီ #RCSS #ဒေသတည်ငြိမ်ရေး #တွေ့ဆုံဆွေးနွေး #သဘောတူညီချက် #လက်မှတ်ရေးထိုး #Ayeyarwaddy_Times