ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဒေသခံများသုံးဘီးဆိုင်ကယ်ပြေးဆွဲပြီး ကုန်စည်ပို့ဆောင်မှုပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

သုံးဘီးဆိုင်ကယ်ပြေးဆွဲသည့် ဒေသခံများအား ဖမ်းဆီးပြီး ငွေတောင်းကာ ဆိုင်ကယ်ကိုလိုင်စင်မဲ့အဖြစ်သိမ်းဆည်းမှုအထိပြုလုပ်နေကြောင်းဒေသခံများမှ ပြောသည်။

“ရွာထဲက နယ်မြေရဲစခန်းမှာတပ်စွဲထားတာနှစ်လလောက်ရှိနေပြီ။ တပ်စွဲတဲ့အချိန်ကစပြီး သုံးဘီးဆိုင်ကယ်တွေကိုမပြေးဆွဲရဘူးဆိုပြီးပိတ်ထားတာပေါ့။နောက်ပြီးသူတို့ကရွာထဲကိုသိပ်ပြီးဆင်းတာမဟုတ်ဘူး။ သူတို့ရှိတဲ့​နယ်မြေရဲစခန်းဘက်ကိုဖြတ်တော့မှ သုံးဘီးဆိုင်ကယ်တွေကိုမမောင်းရဘူး မောင်းရင်ဖမ်းမယ် နောက်ပိုက်ဆံတောင်းတော့တာပဲ” ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ပြီးခဲ့သည့် မေလပထမအပတ်မှ ဇူလိုင်လဒုတိယအပတ်အထိ နှစ်လကြာအတွင်းစက်ဆန်းကျေးရွာ နယ်မြေရဲစခန်း၌စစ်ကောင်စီတပ်အင်အား၁၀ဥိီးဝန်းကျင်ဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး တပ်စွဲခဲ့သည့်အချိန်မှ ယနေ့အထိ ကျေးရွာဒေသခံများ ကုန်စည်သယ်ဆောင်ရန်အတွက် သုံးဘီးဆိုင်ကယ်မောင်းနှင်မှုအပေါ်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်စွဲထားမှုမှာ ဒေသခံများ နေ့စဥ်ဖြတ်သန်းသွားလာ‌နေရသည့် စက်ဆန်းကျေးရွာအလယ်၌ တည်ရှိနေကြောင်း ဒေသခံများရဲ့ပြောဆိုမှုအရ သိရဿည်။

သုံးဘီးဆိုင်ကယ်မောင်းနှင်ကာ ကုန်စည်ပို့ဆောင်မှုတွေ့သည့်အခါ သေနတ်ပြ ခြိမ်းခြောက်ပြီး မောင်းနှင်သူများအားဖမ်းဆီးငွေညစ်တောင်းခံသည့်အပြင် ဆိုင်ကယ်ကိုပါ တပါထဲသိမ်းဆည်းတဲ့အထိပြုလုပ်နေကြောင်းဒေသခံများ၏ပြောဆိုချက်အရသိရသည်။

#ဘိုကလေးမြို့ #စစ်ကောင်စီတပ် #ဒေသခံများ #သုံးဘီးဆိုင်ကယ် #‌မောင်းနှင်ခွင့်မရ #‌ဆိုင်ကယ်ပါသိမ်းဆည်း #Ayeyarwaddy_Tims