ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
နိုင်ငံခြားငွေ ကိုင်ဆောင်မှုကို တင်းကျပ်လိုက်ပြီးနောက် စစ်ကောင်စီက နိုင်ငံခြားငွေလဲ ကောင်တာများကို အရေးယူလျက် ရှိရာ ယမန်နေ့က ငွေလဲကောင်တာ ကုမ္ပဏီ ၁၀ ခုကို လိုင်စင် ပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်သည်။
နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ခွင့် လိုင်စင် (Money Changer License) အပိတ်ခံရသည့် ကုမ္ပဏီ ၁၀ ခုမှာ Kannan Trading၊ Net Change၊ Thiri Aung Si Treading ၊ Riverwood Group၊ Global Myanmar Services၊ D- Gold Trading၊ Aurum Image၊ Hi Welcome Travel & Tours ၊Sweeties Pearls နှင့် Chase Travels & Tours တို့ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ခြင်း ဖြစ်သည်။
ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှု မရှိသဖြင့် လိုင်စင် ရုပ်သိမ်းရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
လတ်တလောတွင် နိုင်ငံခြားငွေလဲ ကောင်တာ (MC) များ၌ အမေရိကန် ဒေါ်လာ ဝယ်ယူရာတွင် ဒေါ်လာ အရောင်း၊ အဝယ် ပြုလုပ်လေ့ ရှိသူ ဖောက်သည်များဖြင့်သာ အရောင်းအဝယ် ပြုလုပ်နေကြောင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံရမည် စိုးရိမ်သဖြင့် သူစိမ်းများကို ရောင်းဝယ်ခြင်း မပြုကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
၎င်းက“MC တွေမှာ အလွယ်တကူဝယ်လို့ မရသေးဘူး။ အသိတွေ ဆိုရင်တော့ ရတယ်။ မသိတဲ့လူကျတော့ အဖမ်းခံရမှာ စိုးရိမ်ကြတယ်။ ဖုန်းဆက်ရင်တောင် မကိုင်ဘူး။ ဖုန်းနံပါတ် အစိမ်းဆိုရင်လေ။ နောက်ပြီးတော့ ဒေါ်လာအများကြီး လဲလို့လည်း မရဘူး”ဟုလည်း ဆက်လက် ပြောကြားသည်။
လက်ရှိ ပြင်ပ အမေရိကန် ဒေါ်လာ ငွေလဲနှုန်းထားတွင် တစ်ဒေါ်လာလျှင် ကျပ် ၃၀၆၀ မှ ၃၀၈၀ ဝန်းကျင် ရှိနေပြီး ငွေလဲကောင်တာ တချို့တွင် ဒေါ်လာ အရောင်း ၃၁၀၀ ကျပ်၊ အဝယ် ၂၉၉၀ ကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း လည်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
“MC တွေ ပိတ်ထားတော့ ဒေါ်လာ လဲရတာလည်း တိုးတိုးပဲ။ ပြီးခဲ့တစ်ပတ်က တစ်ဒေါ်လာ ၃၀၈၀ ကျပ်နဲ့လဲလို့ ရတယ်။ အခုလည်း ဒီဈေးပဲ ဆိုတော့ ဒေါ်လာဈေး နည်းနည်းငြိမ်လာပြီ ထင်တယ်။ နိုင်ငံခြား ထွက်တဲ့သူ ဆေးကုဖို့၊ ခရီးသွားဖို့ ရှိတော့ ရသလို လဲပေးရတာပဲ”ဟု ပြင်ပ အလုပ်အကိုင် အေဂျင်စီလုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။
နိုင်ငံခြားငွေ လဲလှယ်နှုန်း ဈေးကစားပြီး အကျိုးအမြတ်ရယူနေခြင်း၊ တရားမဝင်နိုင်ငံခြားငွေ လဲလှယ်ခြင်း အပါအဝင် တရားမဝင် ငွေလွှဲလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ရှာဖွေပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
#နိုင်ငံခြားငွေလဲ #ကောင်တာ၁၀ခု #လိုင်စင်ပိတ်သိမ်းခံရ #ဖောက်သည် #ဒေါ်လာအရောင်းအဝယ်ပြုလုပ်