ဧရာဝတီတိုင်းမ်
(ယင်းမာပင်)၊ ဇူလိုင်လ ၁၃ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စခန်းကို ယနေ့ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က မောင်းသူမဲ့ လေယာဉ်ငယ်များ (droneနည်းပညာဖြင့် တီထွင်ထားသည့်မောင်းသူမဲ့လေယာဉ်) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး PDF ထံက သိရ သည်။
ဘန့်ဘွေးပျူရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ၊ စစ်ကောင်စီ တပ်သားများနှင့် စစ်ဗိုလ်နေအိမ် ဘန်ကာများပေါ်သို့ ဗုံးသီး ခြောက်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း သိရ သည်။
“ဒီနေ့ နေ့လယ် ၁နာရီကနေ ၂နာရီထိ ဘန့်ဘွေးပျူရွာကို ဗုံးသီးခြောက်လုံး ကြဲချခဲ့ တယ်ဗျ။ စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်မှုရှိနိုင်ပြီး အတိအကျတော့ မသိရသေးဘူး။ ဒီနေ့တိုက်ပွဲမှာ ကျွန်တော်တို့အဖွဲ့က ဒရုန်းတစ်စီး (droneနည်းပညာဖြင့် တီထွင် ထားသည့် မောင်းသူမဲ့လေယာဉ်) ဆုံးရှုံးခဲ့တယ်ဗျ။ စစ်ကောင်စီဘက်က Jammer(ရေဒီယိုလှိုင်း နှောက်စက်) ကြောင့်လို့တော့ ထင်တယ်ဗျ” ဟု ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘန့်ဘွေးရွာရှိ အဆိုပါစစ်ကောင်စီစခန်းသည် အနီးပါတ်ဝန်ကျင်ရှိကျေးရွာများသို့ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိကာ ဒေသခံများထံမှ ရိက္ခာ၊ ပစ္စည်းများ ယူဆောင်သွားလေ့ရှိပြီး ယခု တိုက်ခိုက်ခံရမှုကြောင့် ဘန့်ဘွေးရွာ၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ စစ်ကောင်စီတပ်သားနှင့်ပျူစောထီးတို့ ပူးပေါင်းစစ်ကြောင်းအနေဖြင့် ထွက်ခွာသွား ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း 21/22/23( KLG PDF ကျောက်လုံးကြီး) အဖွဲ့၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး CTPDF ၊ B2 Fighter နှင့် Bank Two အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း တော်လှန်ရေး တပ်ဖွဲ့ များနှင့်စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက Mi-35 ရဟတ် ယာဉ်ဖြင့် နှစ်ကြိမ်တိုင်လေကြောင်းတိုက်ခိုက်ခဲ့ကာ မြို့ကြီးရွာကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – ကျောက်လုံးကြီး KLG PDF
#ယင်းမာပင် #ဘန့်ဘွေးပျူရွာ #ဒရုန်း #မောင်းသူမဲ့လေယာဉ်ငယ် #ဗုံးကြဲတိုက်ခိုက် #PDF #Ayeyarwaddy_Times