ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ ဇူလိုင် ၁၃ ရက်

ချင်းပြည်နယ်၊ တွန်းဇံမြို့၊ အထကကျောင်းတွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)တို့ ယနေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ ရိုင်ဖယ်တစ်လက်နှင့် (၆၀-မမ)တစ်လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)ထံမှ သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)က ကျောင်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပညာရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို သတိပေးထားသော်လည်း မလိုက်နာသည့်အပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)ကို ရိုင်းစိုင်းသော စကားအသုံးအနှုန်းများဖြင့် ပြန်လည်ဆဲဆိုပြောဆိုလာခြင်းကြောင့် လက်တွေ့ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကျောင်းချိန်မှာ တိုက်ပွဲဆင်နွှဲတာက ကျောင်းသူ၊ ကျောင်းသားတွေကို (လုံးဝ)မထိခိုက်အောင် အတတ်နိုင်ဆုံးရှောင်ကျဉ်ထားတယ်။ မဟုတ်ရင်တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လေးယောက် ၊ငါးယောက်ကတော့ သေမှာ။ ဒါတောင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးကုန်ကြတယ်။ တွန်းဇံမြို့နယ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ အပေါင်းအပါတွေ အကုန်လုံး မောင်းထုတ်နိုင်ဖို့ ကျွန်တော်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)ရဲ့ အဓိကတာဝန်ဖြစ်တယ်”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ၏ အထွေ​ထွေအတွင်းရေးမှူးက ထန်ဆွင်းမုန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)သည် ယခင်က ဒေသကာကွယ်ရေးတပ်ဖွဲ့၊ မဟာမိတ်များနှင့် ပူးပေါင်း၍ တမူးမြို့နယ်နှင့် နယ်စပ်တလျှောက်တွင် စစ်ရေးလှုပ်ရှားမှုများအဓိကလုပ်ဆောင်နေပြီး လက်ရှိတွန်းဇံမြို့အနီးတွင် ဌာနချုပ်တည်ဆောက်ကာ မြို့တွင်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)ထံမှ သိရသည်။

ဓာတ်ပုံ-CDF-တွန်းဇံတပ်ဖွဲ့ဝင်များ

#ချင်းပြည်နယ် #တွန်းဇံမြို့#တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦးသေဆုံး #လက်နက်၂လက်သိမ်းဆည်းရမိ

#Ayeyarwaddy_Times