ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့တွင် ဇွန်လ ၂၈ ရက်နေ့က ကျေးရွာမူလတန်းစာကျောင်း(သာပေါင်း) အဆောင်သစ်ဖွင့်ရန် အကြောင်းပြကာ ကျောင်းအုပ်ဆရာမကြီးဖြစ်သူမှ ကျောင်းသား ကျောင်းသူများထံမှ တစ်ဦးလျှင်ငွေတစ်သောင်းကျပ် မဖြစ်မနေပေးအပ်ရန်ဖိအားပေးကောက်ခံနေကြောင်း ကျောင်းသားမိဘများထံကသိရသည်။

ကျောင်းဆောင်သစ်ဖွင့်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီး ငွေကောက်ခံဖို့မလိုသော် ကျောင်းအသုံးစရိတ်ရဖို့အတွက် ရန်ပုံငွေရှာတဲ့သဘောမျိုးကောက်ခံနေတာဖြစ်ကြောင်း ကျောင်းသားမိဘများမှ ပြောသည်။

” ကျောင်းဆောင်ဖွင့်ပွဲ အတွက် တစ်ယောက်ကိုတစ်သောင်းပေးရမယ်ဆိုပြီးတောင်းလာတာ။တကယ်တမ်းက ကျောင်းဆောင်ဖွင့်ပွဲအတွက် ပိုက်ဆံကောက်စရာကိုမလိုဘူး။ သူတို့အတွက်သုံးဖို့တမင်တကာကိုရှာနေတာ။ ဒီငွေတစ်သောင်းကိုဘယ်လိုလုပ်ပေးနိုင်မှာလဲ။ အခုလိုကြပ်တည်းနေတာသိသိကြီးနဲ့ ကိုတမင်ဒုက္ခပေးနေတာ” ဟု ကျောင်းသားမိဘတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ယင်းသို့ငွေကြေးကောက်ခံရာ၌ မပေးနိုင်သည့်ကျောင်းသားကျောင်းသူများအပေါ် ကျောင်းတွင်းလူမှုဖွံ့ဖြိုးရေးလုပ်ဆောင်မှုအတွက်အမှတ်လျော့ချခံရမည့်အပြင် ကျောင်းပြောင်းပြုလုပ်မည့်ကိစ္စများအပေါ်၌ ကျောင်းအုပ်ဆရာမကြီးမှ တာဝန်ယူလုပ်ဆောင်ပေးမည်မဟုတ်ကြောင်း ကျောင်းသားမိဘတချို့၏ပြောဆိုချက်အရသိရသည်။

” မူလတန်းပြီးလို့ အလယ်တန်းကျောင်းတက်ရင်လည်းကျောင်းပြောင်းလက်မှတ်မထုတ်ပေးဘူးဆိုပြီးညစ်နေတာ။ ကျွန်မတို့လိုဆင်းရဲသားတွေအတွက်ကဒီငွေပမာဏ ဘယ်လိုရှာပေးရမလဲ။ အရင်ထဲက မဖြစ်မနေမို့သာ ကျောင်းထားတာ ကျောင်းပြောင်းခွင့်မရရင်လည်းထပ်မထားတော့ဘူး” ဟု နောက်ထပ်ကျောင်းသားမိဘတစ်ဦးမှ ပြောသည်။

ထို့အပြင် စာသင်ကြားနေသည့်ကျောင်းဆရာမအရေ အတွက်မှာ အနည်းငယ်သာရှိပြီး ကျောင်းတွင်းစာသင်ချိန်၌ စာသင်ကြားမှုမပြုလုပ်ဘဲနေအိမ်သို့ မဖြစ်မနေကျူရှင်တက်ရောက်ရန် စေခိုင်းနေကြောင်းကျောင်းသားမိဘများမှပြောဆိုသည်။

ကွင်းကောက်မြို့ သာပေါင်းကျေးရွာ အခြေခံပညာမူလတန်းစာသင်ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ အရေအတွက် ၂၀၀ ဝန်းကျင်သာလက်ရှိ ကျောင်းတက်ရောက်နေပြီး မူလတန်းအဆင့် ဆရာ၊ဆရာမ ၁၅ ဦးခန့်နှင့်ပြင်ပမှ ဆွဲခန့်ဆရာမ ၁၀ ဦးခန့်သာရှိကြောင်း ​ကျေးရွာကျောင်းအကျိုးတော်ဆောင်အသိုင်းအဝန်းထံကသိရသည်။

ဓာတ်ပုံ- Social Media

#အင်္ဂပူမြို့ #ကွင်းကောက် #မူလတန်းစာသင်ကျောင်းဆောင် #အသစ်ဖွင့် #ကျောင်းသားတွေထံ #တစ်ဦးလျှင်ငွေ၁၀၀၀၀ ကောက်ခံ #Ayeyarwaddy_Times