ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ဇူလိုင် ၃၀ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင် – ရေဖြူ ကားလမ်းတွင် ကင်းလှည့်ထွက်လာသည့် ကလိန်အောင်အခြေစိုက် ခမရ ၄၀၉ တပ်ရင်းမှ အင်အား ၁၂ ဦး ဝန်းကျင်ခန့်ပါ စစ်ကာင်စီတပ်ကားတစ်စီးကို ပေါက်ကွဲအားပြင်းသည့် မိုင်းဖြင့် တိုက်ခိုက် ခဲ့ရာ အရာရှိတစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး လေးဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက် မွန်းလွဲ ၃ နာရီကျော်က ရေဖြူမှ ကလိန်အောင်သို့ ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကားကို ရေပုံးရွာ နှင့် ကျောက်ရှပ်ရွာအကြား မိုင်တိုင် အမှတ် ၄၁ သံပုရာခြံအနီးတွင် ပေါက်ကွဲအားပြင်းထန်သည့် မိုင်း နှစ်လုံး ဆွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကလိန်အောင်မြို့ အခြေစိုက် ရွှေဘီလုံးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ထံက သိရသည်။

” သူတို့ (စစ်ကောင်စီတပ်) ကားက ခမရ (၄၀၉) တပ်ရင်းကနေပြီး ရေဖြူ လမ်းပိုင်း တစ်နေရာကိုလက်နက်အပြည့်နဲ့ကင်းလှည့်သွားတယ်။ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က သူတို့ သွားတုန်းက မိုင်းမဆွဲဘူး။ ပြန်လာ မှ လက်နက်ငယ်နဲ့ အရင်ပစ်ခတ်ပြီးပေါက်ကွဲ အားပြင်းတဲ့ မိုင်း နှစ် လုံးသုံးပြီး ဒီကောင်တွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က အရာရှိအပါအဝင် အများအပြားသေသွားတယ်။ ကင်းလှည့် ကားခေါင်းတောင် မိုင်းထိချက်ကောင်းလို့အပေါ်ကို မြောက်တက်သွား ပြီးပြန်ကျလာတယ်။ အဲဒီ စစ်ကား ကတော့ ကားခေါင်းပိုင်း မိုင်းထိမှန်ပြီး အဲဒီနေရာမှာပဲ့ထားခဲ့တယ်။ ညနေမှ နောက်ထပ် ကားတစ်စီးနဲ့ လာဆွဲသွားတယ်” ဟု ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ ကာကွယ်ရေးတပ်မှ ပြန်ကြားရေးတာဝန်ခံ K2 က ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ခမရ (၄၀၉) တပ်ရင်းမှ ဗိုလ်မှူး သိုက်မင်း ၏ သားမက် ကလိန်အောင် ထွေအုပ်ရုံးမှ ဒေါ်အိရွှေရည်မင်း၏ ခင်ပွန်း ဖြစ်သူ ဗိုလ်ကြီး သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ ခမရ (၄၀၈) တပ်ရင်းမှ တပ်ကြပ်အပါဝင် ရဲဘော်သုံးဦး သေဆုံး၍ လေး ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘီလုံးပြည်သူ့ ကာကွယ်ရေးတပ်မှ ပြန်ကြားရေး တာဝန်ခံကဆိုသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများနှင့် ဒဏ်ရာရရှိသူများကို မိုင်းဆွဲတိုက်ခိုက် ခံရသည့် နေရာတွင် အရေးပေါ်လူနာတင်ယာဉ်များဖြင့် ပွိုင့်မီးမဖွင့် အသံမပေးဘဲ ကလိန်အောင်မြို့ ဆေးရုံသို့စစ်ကားများဖြင့် ထိုမှတစ်ဆင့် အုန်းပင်ကွင်းရွာ မောရဝတီ ရေတပ်စစ်ဆေးရုံသို့ စစ်ကားများဖြင့် သယ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကူဆင်းလာသည့် စစ်ကောင်စီတပ်မှ လက်နက် ကြီးဖြင့် လမ်းတစ်လျှောက်တရစပ် ရမ်းသန်းပစ်ခတ်၍ ကျောက်ရှပ်ရွာမှ ဒေသခံပြည်သူ နှစ်ဦး လက်နက်ကြီးစကျည်ထိမှန်၍ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံ များထံက သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကော်သူလေးအာမီ (kaကလိန်အောင် Army)၊ ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YP – PDF)၊ ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (K. L. A. S. B. L PDF) စသည့် မဟာမိတ် ပူးပေါင်းတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ၊ တိုက်ပွဲအတွင်း တွေ့ရသော ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ
#ကလိန်အောင် #ခမရ၄၀၉တပ်ရင်း #ကင်းလှည့် #စစ်ကောင်စီကား #မိုင်းဖြင့်တိုက်ခိုက် #စစ်ကောင်စီတပ်အရာရှိ #၄ဦးသေဆုံး #Ayeyarwaddy_Times