ဧရာဝတီတိုင်းမ်
ကရင်နီပြည်၊ ဇူလိုင် ၁ ရက်
စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ က တော်လှန်ရေးအဖွဲ့များနှင့်အတူ ရင်ဘောင်တန်းပြီး အကြမ်းဖက်စကစအား ပြန်လည်တိုက်ခိုက်နေပြီဟု ဇူလိုင် ၁ ရက် ယနေ့ရက်စွဲဖြင့် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ၎င်းကြေညာချက်တွင် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနှင့် ၂၀၀၈ အခြေခံဥပဒေတို့အား အလုံးစုံတိုက်ဖျက်ရေးအတွက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြသော မည်သည့်တော်လှန်ရေး အဖွဲ့အစည်းကိုမဆို ပေါင်းစည်းဆောင်ရွက်ရန် ဆန္ဒရှိပြီး ဖြောင့်မတ်တည်ကြည်စွာ လက်ကမ်းပါကြောင်းလည်း ဖော်ပြခဲ့သည်။
ကလလတသည် ၁၉၉၄ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ယခင်နအဖ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး နှစ်ပေါင်း ၃၀ နီးပါးအကြာတွင် စစ်အုပ်စု၏ အဆွယ်အပွား BGF ဘဝမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့ကာ ထိုနှစ် ၃၀ နီးပါးကာလနှင့် ပတ်သက်၍လည်း “အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်းမှာ ပြည်သူလူထုက မနှစ်သက်၊ မလိုလားတဲ့ အပြုအမူတချို့၊ ဖြစ်ရပ်တချို့ ဖြစ်ပွားခဲ့တာတွေရှိတာကို ပွင့်လင်းစွာဝန်ခံပြီး ထိုသို့သော တိမ်းစောင်းမှားယွင်းမှုများအတွက် ပြည်သူလူထုကို အလေးအနက်ဝန်ချတောင်းပန်ပါတယ်”ဟုလည်း ကြေညာချက်တွင် ထည့်သွင်းရေးသားခဲ့သည်။
စစ်အာဏာရှင် တော်လှန်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်ထောင်စုသမ္မတနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့်လည်း နီးနီးကပ်ကပ်လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်များ ပူးတွဲလုပ်ဆောင်ရန် အဆင်သင့်ဖြစ်ပြီဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။
လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့အား ပြန်လည်တိုက်ခိုက်လာသည့် ကလလတတပ်များ၏ ကရင်နီပြည်၊ ဖားဆောင်းနှင့် ဘော်လခဲရှိ အခြေစိုက်စခန်းများကို မြေပြင်တပ်များသာမက လေကြောင်းကပါ အပြင်းအထန်တိုက်ခိုက်နေရာ ထိုဒေသများတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
ပုံ – ၂၀၂၁ မတ်လ ၂၈ ရက်နေ့က ဆန္ဒပြလွိုင်ကော်ပြည်သူများဘက်မှ ကလလတတပ်ဖွဲ့ဝင်များ ရပ်တည်ပေးခဲ့စဉ် (The Kayan Times)
#Ayeyarwaddy_Times