ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်

အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးမှုမပြုလုပ်ဘဲရွေးကောက်ပွဲကျင်းပခြင်းက မြန်မာနိုင်ငံရဲ့ ဆိုးရွား လာတဲ့ အကြမ်းဖက်မှုတွေအတွက် အန္တရာယ်ရှိတယ်လို့ ကုလသမဂ္ဂ သံတမန်တစ်ဉီးက ဂျီနီဗာမြို့မှာ ထင်ရှားတဲ့ အတိုက်အခံတစ်ဉီးနဲ့ တွေ့ဆုံပြီး တစ်ရက်အကြာမှာ ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၂ ရက်မှာ ရာထူးကနေနှုတ်ထွက်မဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်း ဟေဇာဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေ ဖျက်သိမ်းတာမျိုးလို ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ဖျက်ဆီးနေတဲ့ မြန်မာစစ်တပ်ရဲ့ ကြိုးပမ်းမှုတွေကို နိုလန်းဟေဇာက သတိပေးခဲ့တယ်လို့ ထုတ်ပြန်ချက်တစ်ရပ်က ဖော်ပြပါ တယ်။

စစ်တပ်ကပြုလုပ်ဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးမှု၊ နိုင်ငံသား တွေ လွတ်လပ်စွာ မဲထည့်ပိုင်ခွင့်မရှိတာကြောင့် အကြမ်းဖက်မှုတွေကို ပိုဆိုးရွားလာစေတယ်လို့ နိုလန်းဟေဇာက ဆိုပါတယ်။

ဘယ်လို တွေ့ဆုံဆွေးနွေးမှုမျိုးကမဆို အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ပဋိပက္ခဘေးသင့်ဒေသ ရှိ ပြည်သူတွေကို အလေးထားသင့်တယ်လို့ သူက ပြောပါတယ်။

စစ်တပ်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်လို့ဆိုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုကို အဆုံးသတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဟာ ကစဉ့်ကလျားအခြေအနေ ရင်ဆိုင်ခဲ့ရပါတယ်။

စစ်တပ်က ရွေးကောက်ပွဲ ထပ်မံကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်ကို တာဝန်ပေးခဲ့ပေမယ့် အတိုက်အခံ တွေက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ပြုလုပ်နိုင်မှာမဟုတ်ဖူးလို့ ပြောပါတယ်။

စစ်တပ်က ရေးဆွဲတဲ့ ရွေးကောက်ပွဲဆိုင်ရာ မှတ်ပုံတင်ခြင်းဥပဒေကို လိုက်နာဖို့ပျက်ကွက်တာကြောင့် စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်က NLD ကို ဖျက်သိမ်းခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့ ၁၈ လတာကာလအတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ အတိုက်အခံတွေက နိုလန်းဟေဇာကို ဝေဖန်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီးတွေကို တရားဝင်မှုရရှိစေတယ်ဆိုပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိပ် တန်း စစ်ဘက်တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့တဲ့ ပြီးခဲ့နှစ် နိုလန်းဟေဇာရဲ့ နေပြည်တော်ခရီးစဉ်ကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်ခဲ့ပါတယ်။

နေပြည်တော်ခရီးစဉ်အတွင်း နိုလန်းဟေဇာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပြုခဲ့သလို တစ် ဖက်သတ် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီ တာဝန်ရှိသူတွေက သူ့ကို စွပ်စွဲခဲ့ပါ တယ်။

ကိုးကား – News 18
Ref; UN Envoy Calls for Political Dialogue in Myanmar Before Polls

#Ayeyarwaddy_Times