ဧရာဝတီတိုင်းမ်
မေလ ၂၄ ရက်
မိုခါ မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ အခြေခံပညာ ကျောင်းများကို လာမည့် ဇွန်လ ၁ ရက်နေ့တွင် မဖြစ်မနေ ဖွင့်လှစ်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားကြောင်း ပညာရေး ဝန်ထမ်းများက ပြောသည်။
မုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ်များ အပါအဝင် စာသင်ကျောင်းများနှင့် အစိုးရ ရုံးဌာနများပါ ပျက်စီးမှုရှိခဲ့၍ ရခိုင် ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးမှု ရှိသော်လည်း ပြည်နယ် ပညာရေးမှူးက ဘုန်းတော်ကြီး ကျောင်းများတွင် ဖွင့်လှစ် သင်ကြားရန် ညွှန်ကြားမှုများ ရှိသည်ဟုလည်း ဆိုသည်။
“ပညာရေးမှူးရုံးက ညွှန်ကြားလာတာက စာသင်ကျောင်းတွေ ဖွင့်လို့မရသေးရင် ဘုန်းကြီးကျောင်းတွေမှာ ယာယီ သင်ကြားဖို့၊ ဖွင့်လှစ်ဖို့ ညွှန်ကြားထားတယ်”ဟု ရခိုင်ပြည်နယ်ရှိ ပညာရေး ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဇွန် ၁ ရက်နေ့တွင် ကျေင်းအပ်နှံရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကျောင်းသားမိဘ တစ်ဦးကမူ “ကျွန်မတို့အခု နေဖို့ထက် စားဖို့တောင်အနိုင်နိုင်ပါ။ အခုထိလည်း မြေကြီးပေါ် အဝတ်ခင်းပြီး အိပ်နေရတာ။ နေဖို့လည်း မရှိဘူး။ ကျောင်းအပ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး”ဟု ပြောဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ စစ်ကောင်စီက စာသင်ကျောင်းများကို ဦးစားပေး ပြင်ဆင်နေပြီး ကျောင်းအပ်နှံရေး အတွက် မေလ ၂၃ ရက်က စတင် ကျောင်းအပ် လက်ခံနေပြီ ဖြစ်ကြာင်းလည်း သိရသည်။
ရခိုင်ပြည်နယ် မာန်အောင် မြို့နယ်၊ သစ်ပုံကျေးရွာသို့ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ကျော်ကျော်ဦး လာရောက်မည် ဆိုသောကြောင့် ကျောင်းသား၊ ကျောင်းသူများကို ခေါ်ယူ၍ ဟန်ပြလုပ် ဆောင်ခိုင်းမှုများ ရှိကြောင်းနှင့် ဓာတ်ပုံရိုက် ပြန်သွားကြကြောင်း ပညာရေး ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံသူ ဦးရေ ၁၃ သိန်းကျော် ရှိကြောင်းလည်း စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အလားတူ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်မှ စာသင်ကျောင်းပေါင်း ၁၃၅၂ ကျောင်း ပျက်စီးခဲ့ကြောင်းလည်း စစ်ကောင်စီက မေလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသေးသည်။
#ရခိုင် #အခြေခံပညာကျောင်း #မဖြစ်မနေဖွင့်ရန် #စစ်ကောင်စီညွှန်ကြား၊ #ကျောင်းအပ်နှံသူများရှိဟုဆိုကာ #ဟန်ပြလုပ်
#Ayeyarwaddy_Times