ဧရာဝတီတိုင်းမ်
(ဘောလခဲ)၊ မေလ ၁၇ ရက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ စောလုံရွာကို ယနေ့မေလ ၁၇ ရက် နံနက် ၄ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှနေ၍ အကြောင်းမဲ့ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် စောလုံရွာ ရွာလယ်တည့်တည့်ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၁၇ နှစ်အရွယ် မခင်ရွှေဝင်း သေဆုံးခဲ့ရပြီး မခင်ရွှေဝင်း၏ ဖခင်အပါအဝင် သက်ကြီးပိုင်း အမျိုးသား လေး ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“အကြောင်းမဲ့ သက်သက် လာတိုက်ခိုက်တယ်လို့ ယူဆလို့ရမယ်ဗျ။ အဲ့ဒီနားပတ်ဝန်းကျင်က တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ထူးခြားဖြစ်စဉ်လည်း မရှိဘူးဗျ။ ပြည်သူတွေ အိပ်ပျော်နေချိန် မနက်စောစောမှာ ဗုံးလာကြဲတာ။ ဒဏ်ရာရတဲ့ လူကြီးတွေကတော့ မစိုးရိမ်ရပါဘူး” ဟု Bawlakhe PDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စောလုံရွာရှိ ကျေးရွာဆေးပေးခန်း အဆောက်အအုံ နှစ် လုံး၊ ‌ပြည်သူပိုင်နေအိမ် ခြောက် လုံး နှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန် နွားအချို့ သေဆုံးခဲ့ရ ကြောင်း သိရသည်။

စစ်ကောင်စီသည် ဘောလခဲခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည်မှာ သုံး ကြိမ်ရှိလာပြီဖြစ်သည့်အတွင် ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်‌ရေးကို ဂရုစိုက် ပြင်ဆင်‌သင့်ကြောင်း Bawlakhe PDF က သတိပေးထားသည်။

စစ်ကောင်စီသည် ကရင်နီဒေသကို ပြီးခဲ့သည် ဧပြီလတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အရေအတွက် ၁၀၈ ကြိမ် အထိပြုလုပ်ခဲ့ပြီး တိုက်ခိုက်ခံရမှုကြောင့် အရပ်သား တစ် ဦးသေဆုံးကာ ငါး ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ နှစ် ရုံအပါအဝင် ဘုရား‌ကျောင်း၊ လူနေအိမ်၊ အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း KNDF ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – Bawlakhe PDF
#ဘောလခဲ #လေကြောင်းတိုက်ခိုက်မှု #စစ်ကောင်စီ #သေဆုံး #Ayeyarwaddy_Times