နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ)/မေလ၁၇ရက်
စစ်ကောင်စီတပ်သည် ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်၊ မယ်ထော်ကလေးလမ်းပိုင်းနှင့် မေတ္တာလင်မြိုင်အနီးတဝိုက်ကို ယနေ့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက တိုက်လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့နံနက် ၃ နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့်ရမ်းသန်း ပစ်ခတ်မှုများကို နေ့စဉ်ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
“ မနက် ၃ နာရီလောက်က လေယာဉ်နဲ့ ဗုံးလာကြဲတာ။ လက်နက်ကြီးတွေနဲ့ ပစ်နေတာ တော့ နေ့တိုင်းလိုလိုပါပဲ။ စစ်ကောင်စီနဲ့BGFပူးပေါင်းအဖွဲ့က သထုံမြို့နယ်ထဲကော ကရင်ပြည်နယ် KNU တပ်မဟာ (၆)နယ်မြေကိုပါ အင်အားအလုံးရင်း နဲ့စစ်ကြောင်းထိုး ဝင်နေလို့ တိုက်ပွဲတွေက ပြင်းထန်လာနေတာ။ ခုလည်းတိုက်ပွဲကနေတိုင်းဖြစ်နေတာပဲ” မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကတည်းက စတင်၍ စစ်ကောင်စီတပ် ၊ BGF ပူးပေါင်းအဖွဲ့များနှင့် ကော်ဘရာ စစ်ကြောင်း (၁) တို့သည် KNU ထိန်းချုပ် နေမြေများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နှစ်ဖက် သေဆုံးမှုများရှိသော်လည်း စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံး၍ အများအပြား ဒဏ်ရာ ရရှိထားကြောင်း သိရသည်။
“ လက်ရှိတိုက်ပွဲတွေက မယ်ထော်လေးလမ်းပိုင်းနဲ့ မေတ္တာလင်းမြိုင်ဘက်မှာ ဖြစ်နေတာ မေတ္တာလင်းမြိုင်ကတော့ BGF နယ်မြေပေါ့။ မနေ့ (မေလ ၁၆ ရက်နေ့) ကလည်း သထုံဘက်တပ်မဟာ (၅)ဘက်မှာ တိုက်ပွဲဖြစ်သေးတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆိုသည်။
စစ်ကောင်စီတပ်သည် မြေပြင်တွင် ထိခိုက်သေဆုံးမှု များပြားနေ၍ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းအပြင် အင်အား အလုံးရင်ဖြင့် ထိုးစစ်ဆင် စစ်ကြောင်းထိုးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံကသိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-မြ၀တီတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေစဉ်
#ကရင်ပြည်နယ် #မြ၀တီမြို့နယ် #စစ်ကောင်စီတပ် #တိုက်လေယာဉ် #ဗုံးကြဲ #Ayeyarwaddy_Times