ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မေလ ၁၇ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်-ရေးကားလမ်းပေါ်ရှိ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ် ဦး သေဆုံးပြီး သုံး ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ထားဝယ်ခရိုင် တပ်ရင်း (၁) ထံက သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် မေလ ၁၄ ရက် နံနက် ၈နာရီ ၃၀ မိနစ် ခန့်တွင် သွားရောက်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၁ နာရီ ခန့် ကြာ မြင့်ကြောင်း သိရသည်။

“အဲဒီဂိတ်က ရေဖြူ အခြေစိုက် ခမရ(၄၀၆) တပ်ရင်းက စစ်ကောင်စီတပ်သားတွေ တပ်စွဲ ဂိတ်ချပြီး ခရီးသွားပြည်သူတွေဆီက ငွေတောင်းနေတဲ့ဂိတ်ပါ။ ဒါကြောင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ် ပြန်လည်ပစ်ခတ်တယ်” ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း (၁) ၏ တာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အပြန်အလှန်ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်သား နှစ် ဦး သေဆုံးခဲ့ပြီး သုံး ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းမှ ရဲဘော် သုံး ဦး လက်နက်ကြီးစထိမှန် ကာ(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင် တပ်ရင်း (၁)မှ တပ်ခွဲ ၂ စစ်ကြောင်း၊ DGRF၊ ဧဒင်မှူး၊ Aline Force မဟာမိတ်အဖွဲ့အစည်းများပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဘုရားမဲစစ်ဆေးရေးဂိတ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံနေရသည့် ဂိတ်တစ်ခုဖြစ်ပြီး မေလ ၁၄ ရက်နေ့ကလည်း ပကာရီရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး စနိုက်ပါထိမှန် သေဆုံးခဲ့ သည်။

#တနင်္သာရီတိုင်း #ထားဝယ်ရေးကားလမ်း #ဘုရားမဲစစ်ဆေးရေးဂိတ် #PDFပူးပေါင်းအဖွဲ့ #တိုက်ခိုက် #စစ်ကောင်စီတပ်သား၂ဦးသေ #Ayeyarwaddy_Times