မေလ ၁၇ ရက်
ဧရာဝတီိတိုင်းမ်
မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီး မကွေး တိုင်းအတွင်း မိုးများစွာရွာသွန်းမှုကြောင့် ချောင်းရေ လျှံကာ လူနေအိမ်များနစ်မြုပ်၍ ရေစီးနှင့်အတူ မျောပါ သေဆုံးသူ လေးဦးရှိကာ ကျပ်သိန်းပေါင်းထောင်နှင့်ချီ၍ ဆုံးရှုံးမှုများရှိကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရှိရသည်။
မကွေး တိုင်း၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ် တို့မှ မုန်းချောင်း၊ မန်းချောင်းမှ ရေများမြင့်တက်လာ ပြီး ချောင်းရေလျှံမှုကြောင့် လူအသေအပျောက်များ ရှိပြီး ကျွဲ၊ နွား၊ စိုက်ပျိုးမြေများရေနစ်မြုပ်သေဆုံးပျက်စီးမှုကြောင့် တန်ဖိုးသိန်းထောင်ချီ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
“စလင်းဘက်မှာတော့ လေးယောက်သေတယ်။ ညီအစ် ကိုနှစ်ယောက်နဲ့ သားမိနှစ်ယောက်ရယ်။ သားမိနှစ် ယောက်က ပစ္စည်းတွေရွှေ့ရင်း ရေတွေတက်လာတာ ပြေးချိန်မရတာပေါ့။ ရေစီးနဲ့ပါပြီး သေတယ်။ ကျွဲ၊ နွားတွေလည်းသေတယ်။ ရွာတွေ အတော်များများက မြစ်ဘေး၊ ချောင်းဘေး၊ ဆည်ဘေးတွေဆိုတော့ အကုန်မြုပ်ကြတာ”ဟု စလင်းမြို့နေ ဒေသခံအမျိုး သားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စလင်းမြို့နယ်၊ ငသန်ခေါင်းအုပ်စု၊ ဂွေးကုန်းကျေးရွာ မှ ကိုသာဓုဆိုသူနှင့် ကိုမျိုးအောင်တို့ ညီအစ်ကိုနှစ်ဦး ရေထဲမျောပါ၍သေဆုံးခဲ့ပြီး ဆင်ဖြူကျွန်းမှ မိခင်ဖြစ်သူ အသက် ၇၀ အရွယ်ဒေါ်အေးသန်းနှင့် သမီးဖြစ်သူ ဒေါ်ယဉ်မင်းစိုးဆိုသူတို့ စုစုပေါင်း လေးဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ရွှေကူကျေးရွာမှ ပဲခင်းဧက ၁၀၀ ကျော်၊ နှမ်းစိုက်ခင်းဧက ၁၅၀ ကျော်နှင့် စပါးစိုက်ခင်း ရေနစ်မြုပ်မှုများ၊ ပေါက်မြို့နယ်တွင်လည်း နှမ်းဧက ၅၀၀ ကျော်နှင့် အခြားကျေးရွာမှ စိုက်ပျိုးလယ်မြေဧကများစွာ ရေနစ်မြုပ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု ကျပ်သိန်းပေါင်း ၅၀၀၀ ကျော်ခန့်ရှိကြောင်း တောင်သူများထံမှ သိရသည်။
Photo-မကွေးတိုင်းအတွင်းရှိ ပဲခင်း၊ နှမ်းခင်းများရေနစ်မြုပ်နေပုံ
#မကွေး #ချောင်းရေ #စိုက်ခင်း #ရေမြုပ် #ပျက်စီးဆုံးရှုံး
#Ayeyarwaddy_Times