ဧရာဝတီတိုင်းမ်
မေလ ၁၇ ရက်
ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံရှိ ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့်ပြည်သူတွေကို အကူအညီပေးဖို့ ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီတွေက ကြိုးပမ်းနေပြီး မြန်မာစစ်အာဏာရှင်တွေရဲ့ ဗျူရိုကရေစီ နဲ့ နိုင်ငံရေးကန့်သတ်ချက်တွေကြောင့် အကူအညီပေးရေးလုပ်ဆောင်သူတွေဟာ စိတ်ပျက်နေကြတယ်လို့ ပြောပါ တယ်။
၁၀ နှစ်အတွင်း အင်အားအပြင်းဆုံး ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုပမာဏ များပြားခဲ့ပါတယ်။
“မုန်တိုင်း အပြင်းအထန် တိုက်ခတ်ခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကူအညီပေးခွင့်ရဖို့ စိန်ခေါ်မှု တွေ ရှိနေပါတယ်” လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်း (IFRC) မှ တာဝန်ရှိသူ ရာဂျစ်ဗ်ကေစီ က ပြောပါတယ်။
မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းတစ်လျောက်မှာ ပြည်သူ ၅ ဒသမ ၄ သန်းရှိခဲ့ပြီး ပြည်သူ ၃ ဒသမ ၉ သန်း မုန်တိုင်းဘေးသင့်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် ညှိနှိုင်းရေးမှူး ရာမာ သန်ဘာလာခရစ်ရှနန်က ပြောပါတယ်။
“လိုအပ်သူတွေထံ အကူအညီပေးအပ်နိုင်ဖို့ သွားလာခွင့်၊ အာဏာပိုင်တွေရဲ့ ခရီးသွားလာခွင့်ဖြေလျှော့မှု၊ ကုန်စည်အခွန်ကင်းလွတ်ခွင့်တွေ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ဒေါ်လာ ၇၆၃ သန်းပမာဏရှိ လူသားချင်းစာနာမှု တုံ့ပြန်ရေးစီမံချက်မှာ ၁၀ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“မုန်တိုင်းမတိုက်ခတ်မီကတည်းက မြန်မာနိုင်ငံမှာ ပြည်သူ ၁၇ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်သူအရေအတွက်ဟာ ယူကရိန်းနိုင်ငံက အရေအတွက်နဲ့ အတူတူပဲဖြစ်ပါတယ်” လို့ ခရစ်ရှနန်က ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ရဲ့ အဓိက သက်ရောက်မှုကို မြန်မာနိုင်ငံက ကြုံတွေ့ခဲ့ရတယ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ပြောပါတယ်။
မုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ကျန်းမာရေးစောင့်ရှောက်မှုဌာန ၁၄ ခု ပျက်စီးခဲ့ရတယ်လို့ WHO အရှေ့တောင်အာရှ ဒေသဆိုင်ရာ အရေးပေါ်အခြေအနေ ညွှန်ကြားရေးမှူး အက်ဝင်ဆယ်လ်ဗေဒိုက ပြောပါတယ်။
ဓာတ်ပုံ/ကိုးကား – VOA
Ref; Restrictions in Myanmar Impede Efforts to Help Victims of Cyclone Mocha