ဧရာဝတီတိုင်းမ်
မေလ ၁၇ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု ငရုတ်ကောင်းတောင်ရွာအနီး မြစ်တစ်ရာကြိုးဝိုင်းအတွင်းမှာ မေလ ၁၄ ရက်နေ့က ဒဏ်ရာရပြီး သေဆုံးနေတဲ့ တောဆင်ရိုင်းတစ်ကောင်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

သေဆုံးနေတဲ့ ဆင်မှာ အမဖြစ်ပြီးအသက်၂၅နှစ်အရွယ်အမြင့် ၆ ပေ ၁၀ လက်မရှိပြီး ရရှိထားသောဒဏ်ရာနဲ့ သေဆုံးနေတာလို့ သစ်တောဦးစီးဌာနမှသစ်တောဦးစီးဌာနနဲ့ နီးစ​ပ်သူတွေက ပြောပါတယ်။

“ဆင်က ဒဏ်ရာနဲ့ပြေးရင်း ရွာတွေနားရောက်လာလို့ မုဆိုးတွေက အရေခွံတွေဘာတွေခွာမသွားဘူး။ ဆင်က မေလ ၁၂ ရက်နေ့ထဲက ဒဏ်ရာနဲ့သေဆုံးနေတာ”လို့ ပုသိမ်ခရိုင် သစ်တောဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

သေဆုံးသွားတဲ့ တောဆင်ရိုင်းကို သစ်တော ဦးစီး တာ၀န်ရှိသူတွေကစစ်ဆေးခဲ့ပြီး ဆင်ကို တောတွင်းမှာပဲ မီးရိူ့ ဖျက်စီးလိုက်တယ်လို့သိရပါတယ်။

“ဒီဘက်မှာတော့ တောဆင်ရိုင်းတွေကို ဆင်မုဆိုးတွေက အဆိပ်လူးမြှားနဲ့ ပစ်ပြီး အမဲလိုက်နေကြတာလေ။ ဒီဆင်မလည်း ဆင်သတ်မုဆိုးတွေလက်ချက်ကြောင့် သေတာပဲ ဖြစ်မှာပါ။ ခုနောက်ပိုင်းမှာ ဆင်သတ်မုဆိုးတွေ တော်တော်လေး သောင်းကျန်းလာနေတယ်”လို့ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းမှာ ၂၀၂၃ ခုနှစ်အစပိုင်း၂ လအတွင်းမှာပင် ဆင်သတ်မုဆိုးများလက်ချက်ကြောင့် သေဆုံးရတဲ့ ဆင် ၅ ကောင်ရှိနေပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ချောင်းသာဒေသ ကန်ကြီးကျေးရွာအုပ်စု မှာ ဟိုင်းဆင်တစ်ကောင်၊ မတ်လ ၇ ရက်နေ့ကငပုတောမြို့နယ် ဆင်မကြိုးဝိုင်းအတွင်းမှာ စွယ်စုံဆင်တစ်ကောင်၊ မတ်လ ၁၃ရက်နေ့က သာပေါင်းမြို့နယ်ကညင်ချောင်းဖျားမှာတောဆင်ရိုင်း ၂ ကောင်အသတ်ခံခဲ့ပြီး ဒီဖြစ်စဥ်ကြောင့် ပုသိမ်ခရိုင်အတွင်းမှာ တောဆင်ရိုင်း အသတ်ခံရမှု ၆ ကောင်အထိရှိလာပြီပဲဖြစ်ပါတယ်။

ယခင်က ဧရာ၀တီတိုင်းမှာ ဆင်သတ်မုဆိုးများကိုမကြာခဏ ဖမ်းဆီးရမိမှုများရှိပေမယ့် စစ်တပ်အာဏာသိမ်းပြိီးနောက်ပိုင်း တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ဖို့အတွက် တောထဲကို သစ်တောရဲတွေနဲ့ ကင်းလှည့်တာတွေ ယခင်လိုသိမလုပ်နိုင်တော့တာကြောင့် တရားခံတွေကိုဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

#ငပုတောမြို့နယ် #တောဆင်ရိုင် #အသတ်ခံရ #Ayeyarwaddy_Times