ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ မေလ ၁၇ ရက်
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးကျေးရွာအုပ်စု၊ သိမ်ကုန်းရွာတမံအနီးတွင် မေလ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ရေခပ်လာသည့် စစ်ကောင်စီတပ်သားများအား ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သိမ်ကုန်းရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ရေခပ်လာသည့် တပ်ဖွဲ့ဝင် ၅ ဦးအား သိမ်ကုန်းရွာတမံအနီးတွင် အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ တပ်သား ၃ ဦးမှာ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ပေါင်းတည်ဘက်မှာက စစ်ကြောင်းထိုးနေတာကြာပီ။ ပဲခူးရိုးမထဲက စစ်ကြောင်းထိုးလာလိုက်၊ ပြန်ဆုတ်သွားလိုက်နဲ့ မကြာခနဖြစ်နေတာ။ အခုက စခန်းချတပ်စွဲထားတဲ့တပ်က တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။” ဟု ပဲခူးတိုင်းPDFသတင်းပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး သေဆုံးခဲ့သည့်တပ်သားအလောင်းများအားလည်း အထိုင်ချရာစခန်းသို့ ပြန်လည်သယ်ယူသွားကြောင်းလည်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် မေလ ၁၃ ရက်နေ့ကလည်း ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောင်လာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း Bago Region PDFမှထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – မေလ ၁၃ ရက်နေ့ကသေဆုံးခဲ့သည့်တပ်သားအလောင်းအားမီးရှို့နေပုံ(Bago Region PDF)
#ပေါင်းတည် #မိုင်းဆွဲ #PPDF #Ayeyarwaddy_Times