နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ဘက်မှ စစ်ကိုင်းဘက်သို့ ထွက်ခွာလာသော အာဏာသိမ်း စစ်ကောင်စီကား ၁၈ စီးပါယာဉ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ မေလ ၁၁ ရက်၊ ညနေ ၄ နာရီ ၄၉ မိနစ်ခန့်က အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားအရောက်တွင် အထူးပြုလုပ်ထားသော မိုင်းဘီးလူးဖြင့် ၁၃ စီးမြောက်ကားအား တိုက်ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship (PAFD)ထံက သိရသည်။
“တိုက်ခိုက်တဲ့အချိန်မှာ သူတို့ဘက်က ကျွန်တော်တို့ကို ရမ်းသန်းပစ်ခတ်တာတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာ မရှိခဲ့ဘူး။ မရခဲ့ဘူး” ဟု PAFD တပ်ဖွဲ့ခေါင်းဆောင် ကိုတေဇက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်များပြားနိုင်ပြီး သေဆုံးမှုများလည်း ရှိနိုင်သည်ဟု PAFD တပ်ဖွဲ့ထံက သိရသော်လည်း ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ထိုစစ်ဆင်ရေးကို (PAFD).တပ်ခွဲDK PDF(MMU)၊ People’s Knight Defense Force Myinmu(PKDF.MMU)၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#စစ်ကိုင်း #မုံရွာ #အနောက်မြောက်တိုင်းစစ်ဌာနချုပ် #စစ်ကောင်စီယာဉ်တန်း #PDFပူးပေါင်းအဖွဲ့ #မိုင်းဆွဲတိုက်ခိုက် #Ayeyarwaddy_Times