ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်

ဘင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်းဟာ ပိုမိုအားကောင်းလာပြီး မေလ ၁၄ ရက်နေ့မှာ စစ်တွေမြို့ကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ပညာရှင်တွေက ခန့်မှန်ထားပါတယ်။

စစ်တွေမြို့ကိုဝင်ရောက်မယ့် မုန်တိုင်းဟာ လက်ရှိအချိန်မှာ မေလ ၁၂ ရက် မနက်ပိုင်း JTWC ရဲ့ Warning-5 ထွက်လာတဲ့အခါ အရင်ရက်တွေက စိုးရိမ်ခဲ့ရတဲ့ “RI situation” (Rapid Intensification – ရုတ်တရက် အား ကောင်းလာခြင်း)က ဖြစ်လာနိုင်တာကို တွေ့ရတယ်လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ပြောဆိုထားပါတယ်။

ဒီအခြေအနေက မေလ ၁၃ ရက်၊ ညနေ ၆ နာရီခွဲ၊ ဆိုင်ကလုန်းမုန်တိုင်း-မိုခါ စစ်တွေမြို့ရဲ့အနောက်တောင်ဘက် မိုင် ၂၈၀ ခန့်ကိုရောက်တဲ့အခါ မုန်တိုင်းလေတိုက်နှုန်းက 105 knots – တစ်နာရီကို မိုင် ၁၂၀ နှုန်းအထိ မြင့်တက်လာတာလို့ ဆိုပါတယ်။

အရှေ့မြောက်ဘက်ကို ဆက်ရွေ့လာပြီး မေလ ၁၄ ရက် မနက် ၆ နာရီခွဲမှာတော့ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၄၀ အရောက်မှာ မုန်တိုင်းဗဟိုလေတိုက်နှုန်း 120 knots – တစ်နာရီ ၁၃၈ မိုင်နှုန်းအထိ မြင့်တက်လာတာတွေ့ရပြီး ဆိုင်ကလုန်းမုန်တိုင်း CAT-3 အဆင့်ကို ရောက်လာတာလို့သုံးသပ်ထားပါတယ်။

မုန်တိုင်းလမ်းကြောင်းက သိသိသာပြောင်းသွားတာမဟုတ်ပဲ မနေ့ကတွေ့ရတဲ့ JTWC ခန့်မှန်းလမ်းကြောင်းရဲ့ မြောက်ဘက် မိုင် ၃၀ ခန့်ကို တက်သွားတာဖြစ်ပြီး၊ စစ်တွေနဲ့ မောင်တောမြို့ကြား၊ “ကျောက်ပန္ဒူ”နဲ့ “အင်းဒင်”ရွာကြားက ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ တွေ့ရပါတယ်။

မုန်တိုင်းရဲ့ ကြီးမားတဲ့အရွယ်အစားနဲ့ ပြင်းအားကြောင့် မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်လုံးမှာ ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်လို့ပြောပါတယ်။

လေတိုက်နှုန်းက တစ်နာရီ ၁၃၈ မိုင်အထိရောက်လာမယ့် စစ်တွေမြို့အနောက်တောင်ဘက် မိုင် ၁၄၀ ခန့်အကွာမုန်တိုင်းဗဟိုပင်လယ်ပြင်မှာ လှိုင်းအမြင့် ၃၈ ပေခန့်အထိရှိနိုင်မယ်လို့ ECMWF model ခန့်မှန်းချက်မှာ တွေ့ရတယ်လို့ဆိုပါတယ်။
#မိုခါဆိုင်ကလုန်း #စစ်တွေ #ရခိုင်ပြည်နယ် #Ayeyarwaddy_Times