ဧရာဝတီတိုင်းမ်
မေလ ၁၀ ရက်

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့၊ဓနိဆိပ်အုပ်စု၊ပိန္နဲကုန်း ကျေးရွာ၊ လိမ္မော်ချောင်း(၄)ခွဆုံမှာ မေလ ၁၀ ရက်နေ့ စက်လှေတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နေ့လည် ၁ နာရီလောက်မှာ လိုင်းစက်လှေနဲ့ မုန်တိုင်းရှောင်သူများစီးနင်းလာတဲ့ငါးဖမ်းစက်လှေ ၂ စီးတိုက်မိပြီး လိုင်းစက်လှေနစ်မြုပ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“လိုင်းစက်လှေ အသေးက ငါးဖမ်းစက်လှေကို ၀င်တိုက်တာ၊ ငါးဖမ်းစက်လှေပေါ်မှာ မုန်တိုင်းရှောင်ဖို့ လပွတ္တာကိုတက်လာတဲ့ ရွာသား ၇၀ ကျော်ပါလာတယ်။ လိုင်းစက်လှေပဲနစ်မြုပ်သွားတယ်၊ ကုန်ပစ္စည်းတွေတော့ ဆုံးရူံးကုန်တယ် လူသေဆုံးမှုတော့မရှိပါဘူး”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။

တိုက်မိခဲ့တဲ့ ရေယာဥ်မှာ လပွတ္တာမြို့နယ်ပိန္နဲကုန်းကျေးရွာကနေ ခရီးသည် ၆ ဦးတင်ဆောင်လာတဲ့ ‘သိန်းသန်းကြွယ်’လိုင်းစက်လှေနဲ့ လပွတ္တာမြို့နယ် ကိုင်းသောင်အုပ်စု၊ ဝါးတောကျေးရွာ မုန်တိုင်းရှောင်ပြည်သူ ၆၇ ဦး တင်ဆောင်လာတဲ့ ပင်လယ်ငါးဖမ်းစက်လှေတို့တိုက်မိခဲ့တာဖြစ်ပြီး အသက်သေဆုံးသူမရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

လက်ရှိမှာ သိန်းသန်းကြွယ်စက်လှေဟာ နစ်မြုပ်သွားပြီး စက်လှေတွင်းမှာပါရှိတဲ့ စားသောက်ကုန်များအားလုံးပျက်စီးနစ်မြုပ်သွားပြီး ခရီးသည်များကိုတော့ ပိန္နဲကုန်းကျေးရွာကိုပြန်လည်ပို့ဆောင်ခဲ့ပြီး ရေယာဥ်မောင်းသူ ၂ ဦးကိုစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဧရာ၀တီတိုင်း လပွတ္တာမြို့နယ်တွင်းက ပင်လယ် ကမ်း​စပ်နဲ့နီးတဲ့ ကျေးရွာများမှာနေထိုင်သူများဟာ မုန်တိုင်းအန္တရယ်ကြိုတင် ရှောင်တဲအနေနဲ့
စက်လှေတွေနဲ့ နေ့စဥ်မြို့ပေါ်ကို မေလ၆ရက်နေ့ကစတင်ပြီးလာရောက် နေကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

#လပွတ္တာမြို့ #မုန်တိုင်းရှောင် #စက်လှေတိုက် #နစ်မြုပ် #Ayeyarwaddy_Times