ဧရာဝတီတိုင်းမ်
မေလ ၁၀ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဒေသခံပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က မေလ ဒုတိယ ပတ်အတွင်း စွပ်စွဲဖမ်းဆီးတာတွေပြုလုပ်ထားတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
မေလ ၅ ရက်နေ့ ညပိုင်းက ကုန်းကြီးကျေးရွာအုပ်စု၊ နတ်မော်လမ်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးသွားပြီးနောက်ပိုင်းမှာ ဒေသခံ လူငယ်တွေကို စွပ်စွဲဖမ်းဆီး တာတွေပြုလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဒီရက်ထဲ ရွာတွေကို ဧည့်စာရင်းလိုက်စစ်လိုက် ဖမ်းလိုက်လုပ်နေတာ၊ ပိုက်ဆံတက်နိုင်တဲ့သူတွေ ပါရင်လည်း ငွေညှိပြီး ပြန်လွှတ်ပေးတာရှိတယ်၊ မြို့ပေါ်မှာလည်း ညဘက်သွားလာတဲ့အခါ တားပြီး အဖမ်းခံရတာတွေ ရှိတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးထားတဲ့ လူငယ်တွေက ငွေကြေးတက်နိုင်တဲ့သူတွေကို ငွေ ၃ သိန်းကနေ ၅ သိန်းကြားတောင်းယူပြီး ပြန်လွှတ်ပေးတာတွေပြုလုပ်နေတယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် ဧရာဝတီ တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ရဲဝန်ထမ်းတစ်ဦးကတော့ ဖမ်းဆီးထားတာ ဒေသခံ ၃၀ ကျော်တာ မှန်ကြောင်းနဲ့ ငွေတောင်းယူတာတော့ မရှိဘူးလို့ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
“ ဒါကတော့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ပါ၊ တစ်နေရာမှာ အမှုအခင်းတစ်ခုဖြစ်ရင် ပြစ်မှုကျူးလွန်သူလို့ ထင်ရသူကို ခေါ်ယူမေးမြန်းရလေ့ရှိပါတယ်။ မဟုတ်ရင်တော့ ပြန်လွှတ်ပေးပါတယ်၊ ဒါက လုပ်ရိုးလုပ်စဉ်ပါ”လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဆောက်အဦတွေ တိုက်ခိုက်ခံရတိုင်းမှာ စစ်ကောင်စီ တပ်က ဒေသခံပြည်သူတွေက စွပ်စွဲဖမ်းဆီးလေ့ရှိတယ်လို့ ဒေသခံပြည်သူတွေက ပြောဆိုပါတယ်။