ဧရာဝတီတိုင်းမ်
(ဟားခါး)၊ မေလ ၁၀ ရက်

ချင်းပြည်နယ်၏ မြို့တော်၊ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့မှ စတင်ပြီး ယနေ့ချိန်အထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိဟားခါးမြို့တွင် ATOM(ယခင် တယ်လီနော)နှင့် Ooredooဖုန်းလိုင်းများဖြတ်တောက်ခံထားရပြီး MPTဖုန်းလိုင်းများကို 2G သာ အသုံးပြုလို့ရကြောင်းဒေသခံများက ပြောသည်။

“MPTက 2 G သုံးလို့ရတယ်။ မက်ဆေ့ပို့တာနဲ့ဖုန်းပြောရုံပဲရတယ်။ ကျန်တဲ့ ATOMနဲ့ Oredooတော့ လုံးဝမရဘူး။ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေက အကြောင်းပြတာကတော့ ဖုန်းလိုင်းဖွင့်ဖို့ ဓာဆီပြတ်သွားတယ်လို့တော့ ပြောကြတယ်။ တကယ်လားတော့ ကျွန်တော်လည်း အတိအကျမပြောတတ်ဘူး။ ဘယ်ချိန်ပြန်ရမယ်ဆိုတာလဲ မသိရသေးဘူး”ဟု အသက် ၃၀ ဝန်းကျင်အရွယ်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ဖလမ်းမြို့တွင်လည်း ဖုန်းလိုင်းပြတ်တောက်ခံထားရပြီး ဒေသခံအချင်းချင်းဆက်သွယ်ရန်အခက်ကြုံနေရကြောင်းသိရသည်။

ချင်းပြည်နယ်၊ မြို့နယ်အများစုတွင် စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်ထားပြီး သတင်းအမှောင်ချကာ စစ်ဆင်ရေးများကို စိတ်ကြိုက်ဖော်ဆောင်လျက်ရှိသည်။

ဟားခါးမြို့သည် ချင်းပြည်နယ်၊ အစိုးရရုံးများအခြေစိုက်ထားသည့်အတွက် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို အပြည့်အဝရရှိသော မြို့တစ်မြို့ဖြစ်သည်။

လက်ရှိဟားခါးမြို့တွင် အင်တာနက်လိုင်းများပြတ်တောက်ခံရခြင်းကြောင့် ဒေသခံပြည်သူတချို့က ဝိုင်ဖိုင်ကိုသာ အသုံးပြုနေရကြောင်းသိရသည်။

#ချင်းပြည်နယ် #ဟားခါးမြို့ #တစ်လနီးပါးကြာမြင့်သည့်အထိ #ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများပြတ်တောက်ခံထားရ
#Ayeyarwaddy_Times