ဧရာ၀တီတိုင်းမ်
မေလ ၁၀ ရက်
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်မှာ မေလ ၁၄ ရက်နေ့တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြားမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
နေပြည်တော် မိုး/ဇလဌာနက မေလ ၉ ရက်နေ့ ည ၁၁ နာရီအချိန် တိုင်းထွာချက်အရ မုန်တိုင်းငယ်မှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့်အခြေအနေဖြစ်သဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။
မုန်တိုင်းငယ်မှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၄၀)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင်(၂၆၅)မိုင်ခန့်၊ ပို့ပလဲယား(Port Blair)၏ အနောက်တောင်ဘက် ရေမိုင်(၂၇၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၉၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁ နာရီလျှင် ၃၀ မိုင်နှုန်း ရှိနေကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်မှာ မြောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး တဖြည်းဖြည်း အားကောင်းလာကာ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အားကောင်းသောမုန်တိုင်းငယ်အဆင့်၊ ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်၊ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့်၊ ညပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလဌာနက ခန့်မှန်းသည်။
“မေလ ၁၄ ရက်နေ့တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်း ရပါသည်”ဟု နေပြည်တော် မိုး/ဇလဌာနက ဆိုသည်။
မုန်တိုင်းငယ်၏အခြေအနေမှာ အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဆင့် ဖြစ်လာနိုင်သဖြင့် အထူးသတိထား စောင့်ကြည့်ရန် လိုအပ်ကြောင်း မိုးလေဝသပညာရပ် လေ့လာနေသူ ဦးဝင်းနိုင်က ဆိုသည်။
“မုန်တိုင်းဝင်လာမယ့်တံခါးပေါက်က ရခိုင်ကမ်းရိုးတန်းလိုနေရာမျိုးဆိုရင် အနောက်ဘက်မှာ ရခိုင်ရိုးမ တောင်းကြောကြီးရှိတယ်။ မုန်တိုင်းက အဲ့နေရာရောက်ရင် မြေမျက်နှာသွင်ပြင်ကြောင့် အားပျော့ပြီး ပျက်ပြယ်သွားနိုင်တယ်။ တကယ်လို့များ မြစ်၀ကျွန်းပေါ်လိုနေရာမျိုးက ပတ်ဝင်လာခဲ့ရင် အဲ့နေရာက တံခါးပေါက်ကြီးလို ဖြစ်နေတယ်။ ဘာမှ တောင်တွေတောတွေလည်း ခံထားတာမရှိဘူးဆိုတော့ အဲဒီကျရင် ပိုပြင်းမယ်။ ကျွန်တော်တို့က နာဂစ်တုန်းက ဥပမာကောင်းကောင်း ကြုံခဲ့ပြီးပြီ။ အခုနောက်ဆုံး တွေ့နေရတဲ့ အနေအထားအရ အဲ့လိုကြီး မဖြစ်နိုင်ဘူးလို့တော့ ယူဆရတယ်။ သို့သော် မုန်တိုင်းက ဝေးနေသေးတဲ့အတွက် ပြောလို့မရဘူး။ သတိနဲ့စောင့်ကြည့်နေရဦးမယ်”ဟု သူက ပြောသည်။
မုန်တိုင်းငယ်အရှိန်ကြောင့် မေလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့ ဒေသအများအပြားတွင် မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
ထို့ပြင် မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့ အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေမှာ တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။
မေလ ၁၂ ရက်မှ ၁၄ ရက်နေ့ကာလအတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေမှာ တစ်နာရီလျှင် မိုင် (၇၀) မှ မိုင် (၈၀) ခန့်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။
ယင်းကာလအတွင်း မုတ္တမကွေ့- မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) မှ (၄၅) မိုင်ခန့်အထိ တိုက်ခတ်နိုင်သည်ဟုခန့်မှန်းရကြောင်း နေပြည်တော် မိုး/ဇလဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုး/ဇလဌာနက အကြံပြုထားသည်။
ဧရာ၀တီမြစ်၀ကျွန်းပေါ်ဒေသသို့ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့က နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေကြေပျောက်ဆုံးခဲ့ပြီး မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရှိခဲ့ကာ မြန်မာနိုင်ငံသမိုင်းတလျှောက် အဆိုးရွားဆုံး သဘာ၀ဘေးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဓာတ်ပုံ – နေပြည်တော် မိုး/ဇလဌာန
#မုန်တိုင်း #နေပြည်တော် #မိုးလေဝသ #Ayeyarwaddy_Times