ဧရာဝတီတိုင်းမ်
(ချင်း)၊ မေလ ၉ ရက်

ချင်း-မီဇိုးရမ်နယ်စပ်လမ်းကြောင်းများကို (YMA)ခေါ် မီဇိုးရမ်လူငယ်အရပ်ဘက်အဖွဲ့အစည်းများက ရက်အကန့်အသတ်မရှိ ပိတ်ပင်မှုကြောင့် မြန်မာစစ်းရှောင်များအနေဖြင့် မီဇိုးရမ်ဘက်သို့ အချိနိမရွေးဝင်ရောက်ခိုလှုံရန် အခက်ကြုံနေကြကြောင်းသိရသည်။

ချင်း-မီဇိုးရမ်နယ်စပ်၊ မြန်မာဘက်ခြမ်းတွင် ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က မီဇိုးရမ်ပြည်သူ ၃ ဦးသတ်ဖြတ်ခံထားမှုနှင့် ပတ်သက်ပြီး နယ်စပ်လမ်းကြောင်းများကို မီဇိုးရမ်ဘက်က ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ချင်းပြည်နယ်မှာ ယခင်ထက် တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း စစ်ကောင်စီဘက်က ပိုမိုလုပ်ဆောင်လာတဲ့အတွက် အရပ်သားသေဆုံးမှုတွေ များပြားလာတယ်။ ဒါကြောင့် မီဇိုးရမ်ဘက်ကို လာရောက်ခိုလှုံလာချင်ပေမယ့် နယ်စပ်လမ်းကြောင်းတွေ အကုန်ပိတ်လိုက်တဲ့အတွက် မလာရဲကြဘူး”ဟု မီဇိုးရမ်ဘက်သို့ ထွက်ပြေးခိုလှုံလာသည့် (၅၁)နှစ်အရွယ် မြန်မာစစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နယ်စပ်လမ်းကြောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ပြီးနောက် မြန်မာစစ်ဘေးရှောင်တချို့သည် မြန်မာဘက်ခြမ်းတွင် ဆိုင်ကယ်များထားကာ မီဇိုးရမ်ဘက်သို့ ခြေကျင်ခရီးဖြင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

နယ်စပ်လမ်းကြောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသော်လည်း နှစ်နိုင်ငံ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ရိမြို့၊ နယ်ဂိတ်မှ ကုန်တင်ယာဥ်များကို ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်းသိရသည်။

“ကုန်သွယ်မှုကတော့ နှစ်နိုင်ငံပုံမှန်ပါပဲ။ ဒါပေမယ့် ခရီးသည်ယာဥ်ကိုတော့ မီဇိုးရမ်ဘက်က အထွက်ကိုတော့ အစစ်အဆေးပါးတယ်။ ထွက်ခွင့်ပြုတယ်။ မြန်မာဘက်ကနေ မီဇိုးရမ်ဘက်ကို ဝင်မယ်ဆိုတော့ အစစ်အဆေးများတယ်။ ဝင်ဖို့ တော်တော်ခက်တဲ့ သဘောပါပဲ”ဟု ချင်း-မီဇိုးရမ်နယ်စပ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မီဇိုးရမ်ပြည်နယ်အစိုးရအဖွဲ့က မြန်မာစစ်ဘေးရှောင်ပြည်သူများကို လွတ်လွတ်စွာ ဝင်ထွက်သွားလာခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံသားများထံတွင် မူးယစ်ဆေးဝါးများ မကြာခဏလက်ဝယ်ဖမ်းဆီးမှု၊ အကျဥ်းကျနေသော မြန်မာနိုင်ငံသားတချို့ အကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်မှုနှင့် မီဇိုးရမ်ပြည်သူသတ်ဖြတ်ခံထားရမှုတို့ကြောင့် နယ်စပ်လမ်းကြောင်းများကို မီဇိုးရမ်ပြည်နယ်၊ အရပ်ဘက်အဖွဲ့အစည်းများက ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ချင်း-မီဇိုးနယ်စပ်တွင် မီဇိုးရမ်ပြည်သူ ၃ ဦးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်သူကို ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က သက်သေများနှင့်အတူ ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင် ဖမ်းဆီးရမိထားပြီး တရားဥပဒေနှင့်အညီ တရားစီရင်နိုင်ရေးအတွက် CDF-မင်းတပ်အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

#ချင်း #မီဇိုးရမ်ပြည်နယ် #နယ်စပ်လမ်းကြောင်း #ရက်အကန့်အသတ်မရှိပိတ်ပင်#စစ်ဘေးရှောင်ပြည်သူများ #အခက်ကြုံနေရ
#Ayeyarwaddy_Times