ဧရာဝတီတိုင်းမ်
မေလ ၅ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ဝက်ကျိန်း(မြို)ကျေးရွာတွင် မေလ ၃ ရက်နေ့၊ညနေပိုင်းအချိန်က စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးပေါက်ကွဲ၍ ၄ နှစ်အရွယ်ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့်ကလေးငယ်မှာ ဝက်ကျိန်းကျေးရွာနေ ဦးမောင်ပို၏သား မောင်ပိုင်ဝေး (၄) နှစ် ဖြစ်ပြီး နေအိမ်အနီးပတ်ဝန်းကျင်ရှိ တောစပ်အနီးတွင် ဆော့ကစားရာမှ တွေ့ရှိလာသည့် ဗုံးသီးအား အိမ်သို့ယူလာစဉ် ပေါက်ကွဲကာသေဆုံးသွားခြင်းဖြစ်သည်ဟု ရွာခံများကပြောသည်။

” တောစပ်နားမှာ ကစားနေတုန်းတွေ့လို့အိမ်သယ်လာတာ။ကလေးဆိုတော့ ဘာမှန်းလည်းသိပုံမရဘူး။အိမ်ကိုရောက်လို့ အိမ်ပေါ်ကိုတက်နေတဲ့အချိန်မှာ လွတ်ကျပြီး ပေါက်ကွဲသွားတာ။အိမ်အောက်မှာ ရှိတဲ့တခြားကလေးတွေကတော့ ဘာမှမဖြစ်လိုက်ဘူး။ဗုံးသီးယူလာတဲ့ကလေးကပဲ ပွဲချင်းပြီး ဆုံးသွားတာပါ” ဟု ဝက်ကျိန်းရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါပေါက်ကွဲမှုဖြစ်သည့်အချိန်တွင် ကလေးငယ်၏မိဘများမှာလည်း တောင်ယာထဲသို့အလုပ်သွားလုပ်နေသည့်အတွက် မသိရှိလိုက်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

” မိဘတွေမရှိလို့ ပိုဆိုးသွားတာပါ။မိဘတွေကလည်း မနက်ကနေ ညနေအထိအလုပ်သွားလုပ်နေရတော့ ညနေပိုင်းမှပဲ အိမ်ပြန်ရောက်ကြတာ။အခုလိုဖြစ်သွားတော့ မိဘတွေလည်း ယူကြုံးမရဖြစ်နေကြတယ်။ကျန်တဲ့ကလေးတွေကိုလည်း တောနားတောင်နားမသွားကြဖို့ သတိပေးထားရတယ်။ထပ်ရှိချင် ရှိသေးလောက်တယ် အဲ့နားပတ်ဝန်းကျင်မှာ” ဟု သေဆုံးသူကလေးငယ်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ကလေးငယ်အား ယမန်နေ့မေလ ၄ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်က ကျေးရွာရှိ သုသာန်တွင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်နေ့က ဝက်ကျိန်းရွာအနီးတွင် စစ်ကောင်စီနှင့်AA တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါဗုံးသီးမှာလည်း စစ်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် ဗုံးသီးဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။

ရခိုင်တွင် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ ၊မေလ ၅ရက်နေ့အထိ မိုင်းနှင့်
စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးသူ ၆၈ ဦးနှင့်ဒဏ်ရာရရှိသူ ၁၇၀ ဦးအထိရှိခဲ့ကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းအရသိရသည်။

#မောင်တော #အသက်၄နှစ်ကလေးတစ်ဦး #ဗုံးသီးပေါက်ကွဲ#ပွဲချင်းပြီးသေဆုံး #Ayeyarwaddy_Times