ဧရာဝတီတိုင်းမ်
ဧပြီလ ၁ ရက်
စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နှင့် ဖမ်းဆီး တရားစွဲဆိုထားရသည့် ရခိုင်ပြည်နယ် ကျောက်တော် ဒေသခံ ၃ ဦးကို အမိန့် ချရမည့်နေ့တွင် အမိန့် မချဘဲ ထပ်မံ ရုံးချိန်းလိုက်သည့်အပေါ် မိသားစုဝင်များက မကျေနပ်ကြကြောင်း သိရသည်။
အဆိုပါ ဒေသခံ ၃ ဦးမှာ စစ်ကောင်စီ တပ်နှင့် ရက္ခိုင့် တပ်တော် (AA) တို့၏ တစ်ကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက မတရား ဖမ်းဆီးထားပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နှင့် တရားရင်ဆိုင်နေရသူများ ဖြစ်သည်ဟုလည်း ဆိုသည်။
တရား ရင်ဆိုင်နေရသူများမှာ ကျောက်တော်မြို့မှ လူမှုရေး တက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်း (ခ) ကိုဇော်ဝင်း၊ ဆေးလိပ် ကုမ္ပဏီမှ ဝန်ထမ်း ကိုဇော်မိုးထက် နှင့် ဦးကျော်သန်းမောင်တို့ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၃ ဦးအမှုတွင် လိုအပ်သည့် သက်သေများအား အားလုံး အပြီးအပြတ် စစ်ဆေးပြီးပြီ ဖြစ်သောကြောင့် မတ်လ ၂၈ ရက်နေ့တွင် အမိန့်ချမှတ်ရန် ရုံးချိန်းထားသော်လည်း အမိန့်မချဘဲ လာမည့် ဧပြီလ ၅ ရက်နေ့သို့ ထပ်မံ ရုံးချိန်း ချိန်းဆိုလိုက်ခြင်း ဖြစ်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ က ပြောသည်။
အထက်ပါ ရှေ့နေက“သူတို့အမှုမှာ လိုပြသက်သေတွေရော၊ ခံပြသက်သေတွေကိုရော အကုန်စစ်ဆေးပြီးပြီမို့ အမိန့်ချဖို့ ပြောထားတာ။ ဒါပေမယ့် အမိန့်ချမယ့်နေ့ ရောက်တော့ တရားသူကြီးက အမှုစာရေးလို့ မပြီးသေးဘူးဆိုပြီး ရုံးချိန်း ရွှေ့ဆိုင်းလိုက်တယ်”ဟု ပြောပြသည်။
၎င်းတို့ ၃ ဦး အမှုရင်ဆိုင်နေရသည်မှာ ၉ လခန့် ကြာမြင့်နေပြီဖြစ်ပြီး အမိန့်ချမှတ်ရမည့် အချိန်တွင် အမိန့်မချမှတ်ဘဲ ရုံးချိန်း ထပ်ခေါ်နေခြင်းမှာ အမှုရင်ဆိုင်နေရသူများ အတွက် အချိန်နစ်နာမှုရှိသလို မိသားစုဝင်များ အတွက်လည်း မျှော်လင့်ချက် မဲ့စေကြောင်း အမှုရင်ဆိုင်နေရသည့် ကိုဇော်မိုးထက် ၏ ဖခင်ဖြစ်သူကလည်း ပြောသည်။
၎င်းက“ကျနော်တို့က အမိန့်ချမှတ်မယ့် နေ့ကိုပဲ တစ်ချိန်လုံး စောင့်နေခဲ့ရတာ။ တရားလို မရောက်လို့ ရုံးချိန်း ထပ်ရွှေ့ရင်းနဲ့ လည်း အချိန်တွေ ကုန်ခဲ့ရတယ်။ အခု သက်သေတွေ အကုန်လုံး စစ်ဆေးပြီးလို့ အမိန့်ချမှတ်မယ့် အချိန် ရောက်လာပြန်တော့လည်း သူတို့ဘက်က ရုံးချိန်း ထပ်ချိန်းပြန်ရော။ အမိန့်ချမယ်အထင်နဲ့ မိသားစုတွေ အစုံအလင် လိုက်သွားခဲ့တာ။ ကျနော်တို့ကတော့ ကျနော့်သားကို ဒီလိုအခြေနေမျိုးနဲ့ ထပ်မမြင်ချင်တော့ဘူး။ လိုရင်း တိုရှင်းပြောရရင် မြန်မြန်ထောင်ကျပြီး မြန်မြန်ပြန်လွတ်လာမှာကိုပဲ လိုအပ်နေတာ”ဟုလည်း ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က ကျောက်တော်မြို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးကို AA က ဖမ်းဆီးခဲ့သောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျောက်တော် ဒေသခံ အများအပြားကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်းတို့ ဖမ်းဆီးခဲ့သည့် ဒေသခံများအား ပြန်လွှတ်ပေးခဲ့သော်လည်း လူထုဇော်ဝင်း အပါအဝင် အဆိုပါ ဒေသခံ ၃ ဦးကိုမူ ပြန်မလွှတ်ဘဲ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ရခိုင်တွင် စစ်ကောင်စီ တပ်နှင့် AA တို့၏ တစ်ကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးကာ မတရား အသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)/(၂)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)/(ခ) တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည့် အရပ်သား ပြည်သူ ၅၀ ခန့်ရှိကြောင်း၊ ၎င်းတို့ အားလုံးသည်လည်း လက်ရှိတွင် စစ်တပ် တရားလိုဘက်က ရုံးချိန်း ပျက်ကွက်မှုများကြောင့် အမှု ကြန့်ကြာနေကြရကြောင်းလည်း သိရသည်။
#ကျောက်တော် #၅၀၅(က) #ဒေသခံ #ရုံးချိန်း #မိသားစာ #မကျေမနပ်ဖြစ်နေ
#Ayeyarwaddy_Times