ဧရာဝတီတိုင်းမ်
ဧပြီလ ၁ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်နဲ ရဲ တပ်ဖွဲ့က အာဏာသိမ်းစဥ်က စစ်ကောင်စီကိုဆန့်ကျင်တဲ့စာများ လူမှုကွန်ယက်မှာတင်ခဲ့သူများကို ရှာဖွေ ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

လူမှုကွန်ယက် (facebook) သုံးစွဲသူများကိုစောင့်ကြည့်မှုများပြုလုပ်ပြီး ပြန်လည်ဖမ်းဆီးနေတာကြောင့် မတ်လထဲမှာ ၇ ဦးထိဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခုက ပုသိမ်မှာ အာဏာသိမ်းခါစကစစ်တပ်ကိုဆန့်ကျင်တဲ့စာရေးတင်တာတို့၊ CDMတွေ ကိုထောက်ခံတဲ့စာတွေ တင်ဘူးတဲ့ လူတွေရဲ့ အကောင့်တွေကိုပြန်ရှာပြီး အဲ့ပိုစ့်တွေ မဖျက်သေးရင် လိုက်ဖမ်းနေတာ၊ အဓိကလိုက်ဖမ်းနေတာ ခရိုင်ရဲက လုပ်နေတာ”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

မတ်လ ၃၀ ရက်နေ့က ပုသိမ်မြို့ပေါ်မှာနေထိုင်တဲ့ ဦးအောင်ကျော်ညွန့် ဆိုသူကို ယခင် အာဏာသိမ်းပြီးနောက်ပိုင်း Alwan Pyay အမည်နဲ့ Facebook မှာစစ်ကောင်စီကိုဆန့်ကျင်တဲ့ အကြောင်းများ တင်ခဲ့တယ်ဆိုပြီး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“ခုဖမ်းခံရတဲ့ သူက ဆန္ဒတွေပြတုန်းက ပြည်သူတွေဘက်က Post လေးတွေရေးတင်ဖူးပြီး ခုနောက်ပိုင်း ဘာမှ မတင်တော့ဘူး၊ ဒါပေမယ့် အရင်က အကြောင်းအရာတွေတင်တာနဲ့ပါတ်သတ်ပြီးလာဖမ်းခံလိုက်ရတာ “လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ပုသိမ်မြို့မှာစစ်ကောင်စီကနေထိုင်သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးတာတွေပြုလုပ်နေသလို လိုင်းပေါ်မှာ တင်တဲ့စာတွေကိုလည်း စောင့်ကြည့်ဖမ်းဆီးတာတွေပြုလုပ်နေပြီးမတ်လအတွင်းမှာပင်အမျိုးသား ၅ဦး အမျိုသမီး ၂ဦးအထိဖမ်းဆီးခံထားတယ်လို့ သိရပါတယ်။