ဧရာ၀တီတိုင်းမ်
မတ်လ ၃၁ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (မတ်လ ၃၁) ရက်နေ့တွင် စစ်ဘက် ထိပ်တန်းရာထူးများဖြစ်သည့် ရန်ကုန်၊ နေပြည်တော် စစ်တိုင်းမှူးရာထူးများ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နှင့် အမှတ် (၆) စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ်မှူးရာထူးများကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း
တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ခေါင်းဆောင်က မွန်၊ ကရင်နှင့် တနင်္သာရီ ဒေသ ၃ ခုကို ကွပ်ကဲရသည့် အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ – ၄) မှူး ဒု ဗိုလ်ချုပ်ကြီး ခင်လှိုင်ကို ရာထူးမှ ဖယ်ရှားကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေကို ဒု ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးခဲ့ပြီး ကစထ ၄ မှူးအဖြစ် ခန့်အပ်ခဲ့သည်။

“အဓိကတော့ တိုက်ပွဲတွေကို စီမံကွပ်ကဲတာ မထိရောက်လို့။ တပ်မတော်ဘက်က အရှုံးပြတာ (အထိအခိုက် အကျအဆုံးပမာဏ) များနေလို့ ရန်ကုန်တိုင်းမှူးကို ရာထူးတိုးပေးပြီး ကစထ ၄ ကို ပြောင်းလိုက်တာ”ဟု နေပြည်တော် စစ်ရုံးချုပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဒု ဗိုလ်ချုပ်ကြီး ခင်လှိုင်သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကစထ ၄ မှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး တာဝန်ထမ်းဆောင်ပြီး ၅ လအကြာတွင် ရာထူးမှ ဖယ်ရှားခံရခြင်းဖြစ်သည်။ ၎င်းနေရာ အစားထိုးဝင်လာသူ ဒု ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေသည် ဧရာ၀တီစစ်တိုင်းမှူးတာဝန်မှ ရန်ကုန်တိုင်းမှူးအဖြစ်လည်းကောင်း၊ ယခုအခါ ကစထ ၄ မှူးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသူဖြစ်သည်။

ကစထ ၄ မှူး၏ကွပ်ကဲမှုအောက်တွင် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် မြိတ်မြို့အခြေစိုက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ၂ ခု ပါဝင်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်က လစ်လပ်သွားသည့် ရန်ကုန်တိုင်းမှူးနေရာကို နေပြည်တော်စစ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းကို ပြောင်းလဲ ခန့်အပ်ခဲ့သည်။ ဗိုလ်ချုပ် ဇော်ဟိန်းမရှိတော့သည့် နေပြည်တော် စစ်တိုင်းမှူးရာထူးအား နေပြည်တော်အခြေစိုက် အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) မှူး ဗိုလ်မှူးချုပ် ဝေလင်းကို ခန့်အပ်ခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံက သိရသည်။

#စစ်ခေါင်းဆောင် #စစ်ဘက်ထိပ်တန်း #ရာထူး #ရန်ကုန်တိုင်းမှူး #ကစထ #မွန် #ကရင် #တနင်္သာရီ #တိုက်ပွဲ
#Ayeyarwaddy_Times