ဧရာဝတီတိုင်းမ်
မတ်လ ၃၁ ရက်
စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲကျော်ကာလအတွင်း မြန်မာပြည်သူ သန်းနှင့်ချီအသုံးပြုနေသည့် သွေးတိုးနှင့် ဆီးချို၊ သွေတိုးရောဂါသောက်ဆေးများအပါအဝင် အိမ်သုံးဆေးဝါးများ ဈေးနှုန်း ၂ ဆခွဲကျော်အထိ မြင့်တက်နေသည်။
အဖျားကျဆေး ပါရာစီတေမာ တစ်ကဒ်လျှင် ယခင်က ၂၀၀ – ၂၅၀ ကျပ် ဝန်းကျင်သာရှိသော်လည်း လက်ရှိတွင် ၇၀၀ – ၈၅၀ ကျပ်အထိ မြင့်တက်နေကြောင်း ဆီချိုကျဆေးမှာလည်း ယခင်က ကျပ် ၂၀၀ ဝန်းကျင်ရှိသော်လည်း လက်ရှိတွင် ကျပ် ၅၀၀ – ၈၀၀ ကြားအထိရှိနေပြီး အမျိုးအစားအလိုက် ကျပ် ၂၀၀၀ – ၄၀၀၀ အထိရှိနေကြောင်း အျခား အိမ်သုံးဆေးဝါးများမှာလည်း ယခင်ထက် ဈေးနှုန်း ၂ ဆခွဲကျော်မြင့်တက်နေကြောင်း ပုသိမ်မြို့ခံ အိမ်ရှင်မများထံမှ သိရသည်။
“တချို့ဆေးတွေဆို ဈေးတက်တဲ့အပြင် ဆိုင်တွေမှာပါ ဝယ္မရတဲ့အထိ ပြတ်လပ်နေတာ။ နေထိုင်မကောင်းမဖြစ်အောင်ပဲ ဂရုစိုက်နေထိုင်နေကြရတယ်” ဟု အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ပုသိမ်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူပင် ဆီချိုကျဆေးနှင့် သွေးတိုးကျဆေး အပါအဝင် အိမ်သုံးဆေးများအပြင် ကာလရှည်ကြာ စွဲ၍သောက်သုံးရသည့် အားဆေးများ၊ အာရုံကြောဆေးများမှာလည်း ဈေးနှုန်း ၂ ဆ ကျော် မြင့်တက်လျှက်ရှိနေသည်ဟု ရန်ကုန်မြို့ခံအချို့က ဆိုသည်။
“ခုဆို တစ်လစာ ဆေးဖိုး ၇ သောင်း၊ အရင်ကဆို ၂ သောင်းခွဲ ၃ သောင်းက အလွန်ဆုံးပဲ။ အသက်ရှင်နေတော့ လည်း ဆက်သောက်နေရဦးမှာပေါ့”ဟု အသက် ၇၀ ဝန်းကျင် ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဆေးဝါးအများစုမှာ ပြည်ပမှ တင်သွင်းရခြင်းဖြစ်ပြီး လက်ရှိတွင် ကျပ် ၂၁၀၀ ကျော်အထိ ပေါက်ဈေးရှိနေသည့်အတွက် စျေးနှုန်း ဆက်လက်မြင့်တက်နေရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံ ဆေးဆိုင်ပိုင်ရှင်အချို့က ပြောသည်။
“ဒေါ်လာစျေးကလည်း ၂၀၀၀ ကျော်ဆိုတော့ ပြည်ပက သွင်းရတဲ့ ဆေးတွေ အကုန်စျေးတက်တာပဲဗျ။ ကုမ္ပဏီတွေကလည်း လက်ကျန်ဆေးတွေကိုတောင် လက်ရှိပေါက်စျေးနဲ့ ထုတ်ရောင်းနေတာဆိုတော့လည်း စျေးက မကျတော့ဘူးပေါ့” ဟု ရန်ကုန်မြို့ခံ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံလူဦးရေ သန်း ၅၀ ကျော်အနက် ၂ သန်းကျော်မှာ သွေးတိုးရောဂါခံစားနေရပြီး သွေးတိုးကျဆေးကို ပုံမှန်သော်လည်းကောင်း အချိန်ပိုင်းအားဖြင့်သော်လည်းကောင်း မှီဝဲသောက်သုံးနေရကြောင်း ဆေးဝါးပညာရှင်များက ဆိုသည်။
လက်ရှိတွင် အိမ်သုံးဆေးဝါးများအပါအဝင် သွေးတိုးဆေး၊ ဆီးချိုဆေးစျေးနှုန်းများ မြင့်တက်နေရသည့်အတွက် ပုံမှန်သောက်သုံးနေရသည့် ရောဂါသည်များအနေဖြင့် ငွေကြေးကုန်ကျမှုများကြောင့် ပုံမှန်သောက်သုံးနိုင်ခြင်းမရှိပါက ၎င်းတို့ ခံစားနေရသည့် ရောဂါအခြေအနေမှာ ပိုမိုဆိုးဝါးလာနိုင်ဖွယ်ရှိနေကြောင်း CDM ဆရာဝန်တစ်ဦးက သုံးသပ်ပြောဆိုထားသည်။
“ဆီးချိုရောဂါသည်တွေ ပုံမှန်ဆေးမသောက်ရတဲ့အခြေအနေမှာဆို လေဖြတ်နှုန်း သိသိသာသာတက်လာနိုင်တယ်။ သွေးတိုးရောဂါဆိုရင်လည်း နှလုံးရောဂါ၊ ဦးနှောက်သွေးကြောပြတ်တာနဲ့ အာရုံကြောထိခိုက်တာတွေ ဆိုးဆိုးဝါးဝါးဖြစ်လာနိုင်တယ်” ဟု CDM ဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
#မြန်မာပြည်သူ #သွေးတိုး #ဆီးချို #၂ဆခွဲ #မြင့်တက်နေ
#Ayeyarwaddy_Times