
ကျော်လင်း /ဧရာဝတီတိုင်းမ်
ဧရာဝတီ၊ ဇူလိုင်လ ၁၀ ရက်
ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ရှေ့နေ ၂ ဦးအထိရှိနေပြီး အချို့မှာလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရှေ့နေ ၂ ဦးမှာ ဘိုကလေးမြို့နဲ့ ဟင်္သာတမြို့များမှ ဖြစ်ကြပြီး နိုင်ငံရေး အကျဥ်းသားတွေရဲ့ အမှုတွဲများကို လိုက်ပါကူညီပေးနေသူတွေဖြစ်တယ်လို့ ဧရာဝတီတိုင်း အတွင်းက ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
” စစ်တပ်က အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ အတိုက်အခံလုပ်နေသူတွေရဲ့ နိုင်ငံရေးအမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကိုဖမ်းဆီးခဲ့တာ။ ဧရာဝတီတိုင်း ထဲမှာ လွန်ခဲ့တဲ့တနှစ်ကျော်ထဲကစဖမ်းခဲ့တာဗျ။ ဒေါ်ဧရာလင်းထွန်းက ပထမဆုံးအဖမ်းခံခဲ့ရတယ်။ အခုဆိုရင် အချုပ်ခံထားရတာ တနှစ်ကျော်ကြာနေပါပြီ။ ဘိုကလေးကရှေ့နေကိုစန်းလွင်လဲ တနှစ်ကျော်ပြီ။ တချို့ ရှေ့နေ တွေလဲ ထွက်ပြေးနေကြရတယ် “လို့ ပုသိမ်မြို့ခံ ရှေ့နေတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဟင်္သာတမြို့က ရှေ့နေ ဒေါ် ဧရာလင်းထွန်းကိုဟာ နိုင်ငံရေးအကျဥ်းသားတစ်ဦးရဲ့ အမှုတွဲအား လိုက်ပါဆောင်ရွက်နေစဥ် တရားရုံး အထွက်မှာပဲဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)၊ ၁၄၃၊ ၁၄၅၊ ၃၅၃ တို့ဖြင့် အမှုရင်ဆိုင်နေရတယ်လို့ ၎င်းရဲ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။
အလားတူ ဘိုကလေးမြို့မှတရားလွတ်တော်ရှေ့နေ ဦးစန်းလွင်မှာလဲ ဖျာပုံထောင်းတွင်းတရားရုံးမှာ ၅၀၅ (က)နဲ့အမှု့ရင်ဆိုင်နေရတာ တစ်နှစ်ကျော်ရှိနေပြီလို့ သိရပါတယ်။
ထို့အပြင် နိုင်ငံရေးအကျဥ်းသားများ၏ အမှုများအား လိုက်ပါကူညီပေးနေတဲ့ ဧရာဝတီတိုင်းအတွင်းက ရှေ့နေအချို့လည်း စစ်ကောင်စီ၏ ဖမ်းဆီးခံရမည်ကိုစိုးရိမ်သဖြင့် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူအချို့က ပြောဆိုထားပါတယ်။