ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာမှ ရွာခံအမျိုးသား ၁၆ ဦးကို ဇူလိုင်လ ၉ ရက်နေ့ ယမန်နေ့မနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ကံသစ်ရွာပျူစောထီးများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံများထံကသိရသည်။

ရေစကြိုအခြေစိုက် ခလရ ၂၅၈ ကစစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအင်အားအများအပြားက ယမန်နေ့မနက်အစောပိုင်းတွင် သေနတ်များပစ်ဖောက်ဝင်ရောက် လာပြီး ဒေသခံ ၁၆ ဦးကို ဖမ်းစီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံတဦးကဆိုသည်။

” ကံသစ်ရွာသား ပျူစောထီးခေါင်းဆောင် ရန်နိုင်အောင်နဲ့ပျူစောထီးတွေရယ်၊ စစ်တပ်ကိုပါခေါ်လာပြီးဖမ်းသွားတာ၊ ၁၆ ယောက်ဖမ်းခံလိုက်ရတယ်။ ဘာကြောင့်ဖမ်းတယ်လည်းမသိရဘူး။ ဘယ်ကိုဖမ်းသွားတာမှန်းလဲမသိဘူး။ ဘာဖြစ်နေပြီဆိုတာလည်းမသိရဘူး စိတ်ပူနေကြတာပေါ့” ဟု ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

စစ်ကောင်စီဘက်က ဖမ်းဆီးသွားသူများနှင့်ပတ်သက်၍ မိသားစုဝင်များထံ တစုံတရာအကြောင်းကြားခြင်းမရှိသေးဘဲ အဆက်အသွယ်ပြတ်တောက်နေသဖြင့် မိသားစုဝင်များမှ စိတ်ပူနေကြောင်း ဒေသခံများကဆိုသည်။

ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး စစ်ကောင်စီတပ်များမှ ရေစကြိုမြို့နယ်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံများကိုဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းတွင် ရေစကြိုမြို့နယ်၊ဒါးပင်ကန်ရွာက CDM ကျောင်းဆရာ၊ဆရာမများအပါအဝင် ၅ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။