နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ မတ်လ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မတ်လ ၂၅ ရက်နေ့ မညနေေပိုင်းက အင်အား ၁၀၀ ကျော်ပါလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဖို့လာချိန်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာခံခဲ့ရတယ်လို့ သိရပါတယ်။
အင်အား ၁၀၀ ကျော်ပါလာတဲ့ စစ်ကောင်စီတပ်ကို အမှတ် ၂၈ ဓါးမဆိုင်းတပ်မတော် DMSA ဦးဆောင်ပြီး Salingly Generation People Defence Force ခွပ်ဒေါင်းနီပြောက်ကျားတပ်ဖွဲ့တို့ပေါင်းပြီး တာဝေးပစ် လက်နက်ကြီးတွေနဲ့ အချိန် ၃ နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“ စစ်ကြောင်းအင်အားများလို့ အဝေးကနေ လက်နက်ကြီးနဲ့ပစ်တာ၊ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ကြားဖြတ် တိုက်ခိုက်တာ၊ ညနေ ၃ နာရီလောက်မှာ စပစ်တာ၊ တော်လှန်ရေးအင်အားစုတွေပေါင်းတိုက်တာ”လို့ ဓါးမဆိုင်း တပ်မတော် DMSA တပ်ရဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းကို အင်အားအဆမတန်နဲ့ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူတွေရဲ့ ကျေးရွာတွေကို သေနတ်ပစ်ဖောက်ဝင်စီးတာ ပြည်သူတွေရဲ့နေအိမ်တွေကို မကြာခဏ မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့လည်း မကြာခဏဆိုသလို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား မကြာခဏဆိုသလိုလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။