ဧရာဝတီတိုင်းမ်
မတ်လ ၂၆ ရက်
မန္တလေးမြို့မှာ စစ်ကောင်စီကျင်းပမယ့် သင်္ကြန်မဏ္ဍပ်ဆောက်ဖို့အတွက် မဟာအောင်မြေကျောက်ဝိုင်းက ဆိုင်ခန်းတွေကို
မလှူမနေရဆိုပြီး မတ်လ ၁၈ ရက်နေ့စတင်ပြီး အဓမ္မ လိုက်လံအလှူခံနေတယ် လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
အဲ့ဒီမဟာအောင်မြေကျောက်ဝိုင်းမှာ ဒေါ်သီတာက ဥက္ကဌနေရာဝင်ယူထားပြီး ၎င်း ကိုယ်တိုင်က စစ်ကောင်စီနဲ့ပူးပေါင်းပြီး သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ တစ်ဆိုင်ကို ၃၀၀၀၀ ကျပ်ဆီ လိုက်လံအလှူခံနေတာဖြစ်တယ် လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
အဆိုပါ မဟာကျောက်ဝိုင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဥက္ကဌနဲ့ အတွင်းရေးမှူးနဲ့ အဖွဲ့တွေ နုတ်ထွက်သွားကြသလို လက်ရှိမှာ ဗိုလ်ကြီးတစ်ဦးရဲ့ ဇနီးဖြစ်သူ ဒေါ်သီတာ က ရွေးကောက်ခံမဟုတ်ဘဲ ဥက္ကဌနေရာကို ဝင်ယူထားပြီး အခုလို လုပ်ဆောင်နေတာ လို့ မန္တလေးမြို့ခံတွေကဆိုပါတယ်။
“ဒီအမျိုးသမီးက စစ်တပ်နဲ့ပေါင်းပြီး ဥက္ကဌနေရာဝင်ယူပြီး ကျောက်ဝိုင်းတွေမှာ သူကခေါင်းဆောင်နေတာ။ သင်္ကြန်အတွက်ဆိုပြီး အတင်း အဓမ္မလိုက်ပြီးအလှူခံနေတာ မထည့်မနေရပေါ့ဗျာ။ ကျွန်တော်က အဲဒီဆိုင်ခန်းရဲ့ ဆိုင်ခန်းအဖွင့်အပိတ်လုပ်ရတဲ့ အလုပ်သမားပါဗျဆိုပြီးပြောလဲ မရဘူး၊ အလှူငွေဖြတ်ပိုင်းထားခဲ့ပြီး နောက်နေ့ ပိုက်ဆံအတင်းလာတောင်းတာပဲ” လို့ မန္တလေးမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒါ့ပြင် မန္တလေးမှာ စစ်ကောင်စီကနေ သင်္ကြန်မဏ္ဍပ်တွေ မဖြစ်မနေဆောက်လုပ်ရမယ်ဆိုပြီး ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်နေသလို စစ်ကောင်စီရဲ့ မဏ္ဍပ်ကန်ထရိုက် လုပ်ခဲ့ဖူးသူတချို့ကိုလည်း ဆက်သွယ်ပြီး စည်းရုံးတာတွေလည်း ပြုလုပ်နေတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
#မန္တလေး #မဟာအောင်မြေကျောက်ဝိုင်းဥက္ကဌ
#သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ဆိုင်ခန်းတိုင်းကို #မလှူမနေရဆိုပြီး အဓမ္မလိုက်အလှူခံနေ
#Ayeyarwaddy_Times